ထရန့်နဲ့ ရှီကျင်းပင် ထိပ်သီးဆွေးနွေးပွဲပြီးဆုံး၊ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်တော့မယ်ဆို

ဆိုးလ်၊ အောက်တိုဘာ-၃၀-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တရပ်ကို များမကြာခင်မှာ လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရှီကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တောင်ကိုရီးယားမှာ တနာရီ မိနစ် ၄၀ ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ကုန်သွယ်ရေးအပါအဝင် သဘောတူညီချက် တစုံတရာကို ထုတ်ပြန်ကြေညာခြင်းတော့မရှိသေးပါဘူး။
ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးထံမှ ချက်ချင်းလူသိရှင်ကြား မှတ်ချက်ပေးတာမျိုးလည်း မရှိခဲ့ပါဘူး ။ ဒါဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဖြေလျှော့ဖို့ ကြိမ်းပမ်းနေချိန်မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ထရန့်နဲ့ ရှီကျင်းပင်တို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ဒေါ်နယ်ထရန့်ကတော့ နှစ်ဖက်တွေ့ဆုံမှု အခြေအနေကောင်းပြီး ရှီဟာ ခေါင်းဆောင်ကောင်းတယောက်လို့ ဆိုပါတယ်။ အရေးကြီးတဲ့အချက်အတော်များများကို နိဂုံးချုပ် သဘောတူခဲ့ပြီး မကြာခင်ထုတ်ပြန်သွားမယ်လို့ သမ္မတလေယာဉ်ပေါ်မှာ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်အနေနဲ့ ဖန်တနိုင်းမူးယစ်ဆေးတွေကြောင့် တရုတ်အပေါ် ချမှတ်ထားတဲ့ အခွန်တွေကို ၁၀ ရာခိုင်နှုန်းထိ လျှော့ချခဲ့ပြီး ချက်ချင်းသက်ဝင်မယ်လို့ ဆိုပါတယ်။ ဒါအပြင် အစောပိုင်းက ကြေညာခဲ့တဲ့အတိုင်း တရုတ်ဟာ အမေရိကန်ဆီက ပဲပိစပ် အမြောက်အများ ဝယ်ယူတော့မယ်လို့ ထရန့်က ပြောပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တခုကိုလည်း များမကြာခင် လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ ထရန့်က ဆိုပါတယ်။ ဆွေးနွေးပွဲ စတင်ရာမှာတော့ သမ္မတထရန့်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အလွန်ဂရုစိုက်ပြီး ဒေသတွင်း ပဋိပက္ခတွေကို ဖြေရှင်းဖို့ အလွန်စိတ်အားထက်သန်တယ်လို့ ရှီကျင်းပင်က ချီုးကျူးစကားဆိုခဲ့ပါတယ်။
ဂါဇာ ငြိမ်းချမ်းရေးအပါအဝင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာတွေ ဖြေရှင်းနိုင်မှုအပေါ် သူက ထောက်ပြပြောဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲံလည်း ကိုယ်ပိုင်နည်းလမ်းနဲ့ ပါဝင်ကူညီနေပြီး အခြားပြဿနာတွေ ဖြေရှင်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း မြှင့်တင်နေတယ်လို့ ရှီကျင်းပင်က ထုတ်ဖော်ပြောဆိုပါတယ်။
Ref:BBC/CNA
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW