ပါရီ၊ အောက်တိုဘာ-၃၀-၂၀၂၅
ရတီ(VOM)
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လုဗ်ပြတိုက် ဖောက်ထွင်းမှုမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ငါးယောက် ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သံသယရှိသူငါးယောက်ကို ပါရီဒေသမှာ ဖမ်းဆီးခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အဓိကသံသယရှိသူတယောက် ပါဝင်တယ်လို့ဆိုပါတယ်။ ခိုးယူမှုမှာ ပါဝင်တဲ့ အမျိုးသားနှစ်ယောက်ကို စစ်ဆေးပြီးနောက်မှာ နောက်ထပ်လူတွေကို ဖမ်းဆီးခဲ့တာပါ။
ယူရို ၈၈ သန်းတန်ဖိုးရှိ ရှေးဟောင်းရတနာပစ္စည်းတွေကို အောက်တိုဘာ ၁၉ ရက်မှာ သူခိုးလေးယောက် နေ့ခင်းကြောင်တောင်အချိန်မှာ အဆောက်အအုံထဲ ဝင်ရောက်ခိုးယူသွားခဲ့တာပါ။ ဒီပြတိုက်ဟာ ကမ္ဘာ့အလည်အပတ်အများဆုံး ပြတိုက်တွေထဲက တခုဖြစ်ပါတယ်။
ခိုးယူခံရတဲ့ ရတနာတွေကို ပြန်လည်မတွေ့ရှိရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတယောက်ရဲ့ DNA ဟာ ရာဇဝတ်မှုဖြစ်ပွားရာနေရာနဲ့ ဆက်စပ်နေနိုင်ကြောင်း ဆိုပါတယ်။
ပြင်သစ်စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ဖမ်းဆီးထားသူတွေရဲ့ အသေးစိတ်အချက်အလက်တွေစွာကို အသေးစိတ်ထုတ်ပြန်တာမရှိသေးပေမယ့် တရားစွဲဆိုခံရခြင်း သို့မဟုတ် လွှတ်ပေးခြင်းမပြုမီ လေးရက်ကြာ ထိန်းသိမ်းစစ်ဆေးနိုင်ပါတယ်။
အာဏာပိုင်တွေကတော့ ဖောက်ထွင်းမှုမှာ ပါဝင်ပတ်သက်တဲ့ ဂိုဏ်းဟာ စီစီတီဗီမှာ တွေ့ရှိခဲ့တဲ့ လူလေးယောက်ထက် ပိုပြီးပါဝင်နိုင်တယ်လို့ ယူဆထားပါတယ်။
သူတို့တွေဟာ ပြတိုက်ဖွင့်လှစ်ပြီး မကြာမီ မနက် ၉ နာရီ မိနစ် ၃၀ မှာ ပြတိုက်ကို ရောက်ရှိလာပြီး လသာဆောင်မှတဆင့် အပိုလိုပြခန်းထဲကိုဝင်ဖို့ လှေကားပါတဲ့ ကားတစီးကို အသုံးပြုခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖောက်ထွင်းသူတွေဟာ ပစ္စည်း ကိုးခုကို ခိုးယူခဲ့သော်လည်း နပိုလီယံ ၃ ရဲ့ ဇနီးဖြစ်သူ ပိုင်ဆိုင်တဲ့ သရဖူတခု ပြုတ်ကျပြီး အနီးနားမှာ တွေ့ရှိခဲ့ရပါတယ်။ လုဗ်ပြတိုက်ဟာ ပါရီမှာ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လည်ပတ်မှု အများဆုံး နေရာတွေထဲက တခုဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဧည့်သည် ၈ ဒဿမ ၇ သန်း လာရောက်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
