ဝါရှင်တန်၊ အောက်တိုဘာ-၃၀-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်အနေနဲ့ ရုရှား၊ တရုတ်တို့လို တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ နျူကလီးယားလက်နက်တွေ ပြန်လည်စမ်းသပ်ဖို့ သမ္မတ ဒေါ်နယ်ထရန့်က စစ်ဘက်တာဝန်ရှိသူတွေကို အမိန့်ပေးလိုက်ပါတယ်။
“အခြားနိုင်ငံတွေက နျူကလီးယား စမ်းသပ်အစီအစဉ်တွေကြောင့် မိမိတို့ရဲ့ နျူကလီးယားလက်နက်တွေကို တန်းတူရည်တူ စတင်စမ်းသပ်ဖို့ စစ်ဘက်တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ် “လို့ တောင်ကိုရီးယားမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံမှုမပြုမီ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်မှာ တခြားနိုင်ငံတွေထက် နျူကလီးယားလက်နက်တွေ ပိုမိုပိုင်ဆိုင်ထားကြောင်း ထရန့်ကပြောကြားခဲ့ပါတယ်။ ရုရှားက ဒုတိယနဲ့ တရုတ်က တတိယနေရာမှာ ခပ်ခွာခွာ လိုက်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၁၉၉၂ ခုနှစ်မှစပြီး နျူကလီးယားလက်နက်စမ်းသပ်မှုတွေ မလုပ်ခဲ့ပါဘူး။
အကွာအဝေး အကန့်အသတ်မရှိ ပစ်ခတ်နိုင်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်တစင်းကို ရုရှားက စမ်းသပ်မှုအတွက် ထရန့်က ရှုချခဲ့ပြီး ရက်ပိုင်းအကြားမှာ အခုလို အမိန့်ပေးလိုက်တာပါ။ သူရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အမေရိကန်လက်နက်တိုက်ကို အဆင့်မြှင့်တင်ပြီး ပြန်လည်ပြုပြင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိလို့ ဆိုပါတယ်။
အမေရိကန်ရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ဘယ်လိုလုပ်မယ်ဆိုတာ အသေးစိတ်မဖော်ပြပေမယ့် ဒီလုပ်ငန်းစဉ်ကို ချက်ချင်းစတင်မယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒါဟာ နျူကလီးယားလက်နက်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ကာလရှည်ကြာ မူဝါဒကို ပြောင်းပြန်လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ရှုမြင်ရပါတယ်။
အမေရိကန်ဟာ နျူကလီးယားဗုံးကို နောက်ဆုံးစမ်းသပ်ခဲ့တာက ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာဖြစ်ပြီး စမ်းသပ်မှုကို အနောက်ပိုင်းနီဗားဒါးပြည်နယ်ရှိ မြေအောက်အဆောက်အအုံတခုမှ ပြုလုပ်ခဲ့တာဖြစ်ကာ နောက်ပိုင်းမှာတော့ ယခင်ရီပတ်ဘလီကန်သမ္မတ ဂျော့ချ် အိပ်ချ်ဒဗလျူဘုရှ်က စမ်းသပ်မှုတွေ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
