နိုဝင်ဘာ ၂၊ ၂၀၂၅
Shy V (VOM)
မြန်မာ – တရုတ်နယ်စပ်၊ တရုတ်ဘက်ခြမ်း ရွှေလီ အပါအဝင် နယ်စပ်ဘက် တပတ်ကတ် (၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် ကတ်) နဲ့ ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို အောက်တိုဘာ လကုန်ပိုင်းကစ ဖမ်းဆီးမှု ပြန်များလာနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
“အခုရက်ပိုင်း တပတ်ကတ်တွေ နဲ့ဝင်လာတဲ့ သူတွေကို တအား ပြန်ဖမ်းနေတယ်။ နှစ်ကုန်လာလို့လားမသိဘူး။ တံခါးတွေ လိုက်ခေါက်တာ။ ဖွင့်ပေးလိုက်ရင် တခါတည်းခေါ်သွားတာ။ အပြင်ထွက်ရင်လည်း မရဘူး။ မလုံခြုံဘူး။” လို့ ရွှေလီရောက် ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
တပတ်ကတ်နဲ့ ဝင်ရောက် ကိုယ်ပိုင်ကျောင်းတွေမှာ လာရောက် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ပညာရေး ဝန်ထမ်း သုံးယောက်လည်း နေထိုင်တဲ့ အခန်းမှာ လာရောက် စစ်ဆေးခေါ်ယူသွားပြီး နှစ်ယောက်က တရုတ်နိုင်ငံဘက် ပြန်ဝင်ခွင့် နှစ်ချီ ပိတ်ခံထားရတယ်လို့ သူက ပြောပါတယ်။
မြန်မာဘက်ခြမ်းကလည်း နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် အနီကို မူဆယ်ခရိုင် အိမ်ထောင်စုရှိသူတွေသာ ပြုလုပ်ပေးတာကြောင့် တရုတ်ဘက်ခြမ်းမှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့နေကြရတဲ့ တခြား ဒေသခံတွေအတွက်တော့ အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
“လုပ်စားရတာ မလွယ်ဘူး။ မြန်မာ ပြည်သူ၊ ပြည်သားတွေ အရမ်း သနားဖို့ကောင်းတယ်။ ကျယ်ဂေါင်မှာ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း တပတ်ကတ် သမားတွေ ပြန်ပို့တာ စာအုပ်သွားထုရင်းနဲ့ တွေ့ခဲ့တယ်” လို့ မြန်မာ လုပ်သား အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
တချို့လုပ်သားတွေကတော့ လစာ ခေါင်းပုံဖြတ်ခံရတာမျိုး နဲ့ အလုပ်ချိန် အရမ်းများတာကြောင့် မလုပ်နိုင်တော့လို့ မြန်မာဘက် ပြန်ဖို့ စာရင်းတင်ပြီး ပြန်တဲ့သူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
အထောက်အထား သက်တမ်းလွန်လို့ ဖမ်းဆီးခံရတဲ့သူတွေကိုတော့ ဘာပစ္စည်းမှ ပြန်ယူခွင့်မပြုပဲ ချက်ချင်း မူဆယ်နယ်စပ် ဂိတ်ကို တန်းပို့လိုက်တာမျိုး တွေ့ရတယ်လို့ ဆိုပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် အနီရှိသူတွေလည်း စာအုပ်ကို မိမိနဲ့ တပါထဲ မပါလာပါပဲ စစ်ဆေးရေးနဲ့ ကြုံတာတို့၊ စစ်ဆေးရေးဂိတ် ဖြတ်သန်း ရတာတို့ ဆိုရင် စာအုပ် ပြန်ယူပြီး ပြနိုင်မှသာ ပြန်လွှတ်ပေးတယ်လို့ ကြုံခဲ့ရတဲ့ မြန်မာအမျိုးသမီး တယောက်က ပြောပါတယ်။
တရုတ်နယ်စပ်ဘက် ဝင်ရောက်အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အထောက်အထား မရှိ၊ အထောက်အထား သက်တမ်းလွန် သူတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက် ပြန်ပို့ကာ ပြန်ပို့ခံရတဲ့သူတွေက လပိုင်းကနေ နှစ်ချီ တရုတ်ပြည်ဝင်ခွင့် ပိတ်ထားတာရှိသလို ကူးစက်ရောဂါ စစ်ဆေး တွေ့ရှိထားသူတွေကိုတော့ တရုတ်ပြည်ဝင်ခွင့် ရာသက်ပန် ပိတ်ကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# နယ်စပ် ဒေသခံ
