နိုဝင်ဘာ ၂၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာ TNLA ကအောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မှတ်ပုံတင် လုပ်ပေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မှတ်ပုံတင်ကတော့ မသိပါဘူး။ သူတို့ လုပ်နေတာတော့ ကြာပြီထင်တယ်။ ဘယ်မှာ သုံးမလဲ မသိဘူး။ ပြည်တွင်းတော့ နေရာအစုံ အသုံးမဝင်ဘူး။ မှတ်ပုံတင်၊ ကညနလိုင်စင် အကုန် လုပ်တာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နမ့်ခမ်းကတော့ လောလောဆယ် အခြေအနေအေးဆေး ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ကနေ ၃၁ ရက်နေ့ အထိ TNLA ထိန်းချုပ် နယ်မြေအတွက် ဒေသခံ အိမ်ထောင်စုစာရင်း နဲ့ မှတ်ပုံတင် ပြုလုပ်ပေးပြီး အိမ်ထောင်စုစာရင်း အတွက် တသောင်းနှစ်ထောင်ကျပ် နဲ့ ဒေသ မှတ်ပုံတင် အတွက် တသောင်းတထောင် ကျပ် ပေးဆောင်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီ ဒေသခံ မှတ်ပုံတင်က TNLA ထိန်းချုပ် နယ်မြေတွေမှာ ခရီးသွားလာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအပြင် တရုတ်ပြည် အဝင်အထွက် အတွက် သုံးလို့မယ်လို့လည်း သိရတယ်လို့ ဆိုပါတယ်။
“နမ့်ခမ်းမှာတော့ အရင်က အစိုးရမှတ်ပုံတင် အသုံး မဝင်တော့ဘူး လို့ ပြောတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နမ့်ခမ်း ဒေသခံ အများစုကတော့ တရုတ် နယ်စပ်ဘက် အဝင်အထွက် လုပ်နေကြတာကြောင့် နမ်းခမ်း မြို့ကနေ ထွက်တာနဲ့ အရင် မှတ်ပုံတင်ပဲ သုံးရသလို ဘယ်အဖွဲ့ အစည်းပဲ ဖြစ်ဖြစ် တရားဝင် မှတ်ပုံတင်ပဲ တောင်းတာပဲလို့ သူက ပြောပါတယ်။
နမ့်ခမ်း ဒေသက ဒေသခံတွေအနေနဲ့ကတော့ TNLA က ပြုလုပ်ပေးတဲ့ ဒေသခံ မှတ်ပုံတင် မဖြစ်မနေ လုပ်ရမယ်လို့ သိပြီး ရပ်ကွက်အလိုက် သန်းခေါင်စာရင်း လိုက်ကောက်တာရှိတယ်လို့ သူက ပြောပါတယ်။
TNLA က လုပ်ပေးတဲ့ မှတ်ပုံတင်မရှိပေမယ့် နမ့်ခမ်းမြို့ထဲ ဝင်ထွက် သွားလာလို့ရပြီး နမ့်ခမ်း ဒေသခံတွေ အနေနဲ့ အတတ်နိုင်ဆုံး ပြုလုပ်ရမယ်လို့ သိရပြီး မြို့ပေါ်မှာ ပြုလုပ်ပေးပြီးရင် ရွာဘက်မှာ ပြုလုပ်ပေးမယ်လို့ သိရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ေန့ကစပြီး နမ့်ဆန်၊ မန်တုံ နဲ့ နမ္မတူ တွေမှာ TNLA ထိန်းချုပ် နယ်မြေမှာ ၇ နှစ်နဲ့ အထက် နေထိုင်သူတွေကို ဒေသခံ အဖြစ် သတ်မှတ်ပြီး ဒေသခံ အိမ်ထောင်စုနဲ့ အသက် ၁၆ နှစ် အထက် ရှိသူတွေကို ဒေသခံ မှတ်ပုံတင် ပြုလုပ်ပေးတာဖြစ်ပါတယ်။
Photo Crd# ဒေသခံ
