လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၅)

ဆူးငှက်
တစ်ခါသားတော့ ကျွန်တော်အယ်ဒီတာစာပွဲမှာ ရှိနေတဲ့ကာလ ထိုအချိန် ကလျာမဂ္ဂဇင်းတွင် ဒေါ်ဒေါ်လစဉ် ရေးနေသော ““အမေ့ရှေးစကား”” ဆောင်းပါးတွေအတွက် ပြောဖြစ်ကြတာပေါ့။ “ ဒို့ရေးတဲ့ ဆောင်းပါးတွေက လူငယ်တွေနဲ့ ကိုက်ရောကိုက်ရဲ့လားကွယ့်၊ ရှေးအဖွားကြီးက အမြင်တိမ်ပြီး မြည်တွန်တောက်တီးနေတာနဲ့ တူမှာစိုးတာ၊ အဲ့လိုဖြစ်နေရင် အားမနာနဲ့ပြောနော်” ဟု ဒေါ်ဒေါ်က ဆိုသည်။ ကလေးတွေနဲ့ အဟပ်ကွာသွားမှာစိုးလို့ ဟူ၍လည်း ပြောတတ်၏။ တစ်နေ့ဒေါ်ဒေါ်က မနက်ခင်းလမ်းလျှောက်သွားတိုင်း အာဇာနည်လမ်းပေါ်မှာ တွေ့ရသော (ထိုအချိန်) နာမည်ကြီး စတိုးဆိုင်ကြီးတစ်ဆိုင် ရှေ့မှာ ၁၂ရာသီ ထောင်ထားသည့် ဆိုင်းဘုတ်တစ်ခုအကြောင်း မေးသည်။ ဆိုင်းဘုတ်မှာ“ အရောင်းဈေးသည် အမျိုးသမီး ၁၀ဦး အလိုရှိသည်”ဟူသော စာလုံးများကို သင်္ဘောဆေးနှင့်ကို အခိုင်အခန့်ရေး၍ အမြဲထောင်ထားသည်။ “အဲဒီဆိုင်ကြီးက အရောင်းမိန်းကလေးတွေကို အမြဲပဲခန့်နေရအောင် ဆိုင်ခွဲတွေအများကြီးလား” ဟု ဒေါ်ဒေါ်က မေးသည်။ ကျွန်တော်ကလည်း ကျွန်တော့်တူမလေးတွေ အတွေ့အကြုံအရ လာလျှောက်သူတိုင်း နေ့စား အခကြေးငွေနဲ့ ရက် ၂၀အစမ်းခန့်ကြောင်း၊ နံနက် ၈နာရီမှ ည ၉နာရီထိ အလုပ်ဆင်းရကြောင်း၊ရက် ၂၀ပြည့်ပြီး ကျေနပ်မှ အလုပ်ခန့်ကြောင်း၊ ရက် ၂၀ပြည့်တိုင်း မည်သူမှ အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်အခန့် မခံကြရကြောင်း၊ တစ်ဦးချင်းစီ အပြစ်ကိုယ်စီ ထောက်ပြပြီး နားခိုင်းကြောင်း၊ ဒီလိုနှင့် နောက်ထပ် ၁၀ဦး ထပ်မံ အစမ်းခန့်အဖြစ် မဖြစ်စလောက် နေ့တွက်လေးနှင့် ခိုင်းပြန်ကြောင်း စတာတွေ ဒေါ်ဒေါ့်ကို သိသလောက် ပြောပြသည်။
ဒေါ်ဒေါ်က နားထောင်ပြီးသက်ပြင်းချ၏။ အတော်စိတ်မကောင်း ဖြစ်သွားပုံရသည်။ ပြီးတော့ စကားတစ်ခွန်း ကို လေးလေးနက်နက်ပြောလိုက်သည်။““အေးကွယ်…ငါတို့ မိန်းကလေးတွေမှာလည်း သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ အမျိုးသမီးသမဂ္ဂတွေ၊ အလုပ်သမားသမဂ္ဂတွေ ရှိမှ မရှိသေးဘဲကိုးကွယ်”” တဲ့လေ။
ဒေါ်ဒေါ်က စကားတစ်ခွန်း၊ သုံးသပ်ချက်တစ်ခုကို အယူအဆတစ်ခု၊ သဘောထား တစ်ခုပေါ် အခြေခံ၍ ပြောလေ့ရှိသည်။ သည်ကနေ့ ဒိထက် ဆိုးဝါးသော အလုပ်ရှင် အလုပ်သမား ပြဿနာတွေ၊ နှိမ့်ချလွန်းတဲ့ လုပ်ခပြဿနာတွေ၊ ကျောင်းသားတွေ မတရားဖမ်းဆီးခံနေရတာတွေ၊ လယ်သမားတွေဆီက အဓမ္မ မြေသိမ်း လယ်သိမ်းခံရတာတွေကို ကာကွယ်တားဆီး တောင်းဆိုဖို့အတွက်က မည်သည့်အစိုးရ တက်သည်ဖြစ်စေ လွတ်လပ်သော သမဂ္ဂများ လိုအပ်နေတယ်ဆိုတာ အမှန်ဖြစ်သည်။
ဒေါ်ဒေါ်ဆီသို့ ဧည့်သည်များလာတတ်ပါ၏။ လာသောဧည့်သည်များထဲတွင် နာမည်ကျော် နိုင်ငံရေးသမားကြီးများလည်း ပါသည်။ ညနေပိုင်းမှ လာသောဧည့်သည်ဆိုလျှင် ကျွန်တော့် စာပွဲရှေ့မှ ဖြတ်ပြီးမှ ဧည့်ခန်း (သို့မဟုတ်) ဒေါ်ဒေါ့်စာပွဲဆီ ရောက်သည်။ တချို့နိုင်ငံရေးသမားကြီးတွေကို ကျွန်တော်သိသည်။ ဥပမာ – သခင်သိန်းမောင်၊ သခင်အုန်းမြင့်၊ လေထီးဗိုလ်အုန်းမောင်၊ ဗိုလ်ထိန်လင်း၊ ဒေါ်မြရီစသော ပုဂ္ဂိုလ်များ၊ ဒေါ်မြရီကတော့ ကျောက်ဆည်ကမို့ မကြာမကြာလာတတ်သည်။ ဒေါ်ဒေါ်တို့နှင့် မိသားစုလိုဖြစ်နေ၏။့ ဦးသိန်းဖေမြင့်ကတော် ဒေါ်ခင်ကြည်ကြည်လည်း လာဖူးသည်။ တစ်ခါသားတော့ နာမည်ကျော် နိုင်ငံရေးသမားကြီး တစ်ယောက်လာသည်။ သူက တရုတ်တန်း လမ်း၈၀ပေါ်က မြို့ခံကြီး တစ်ဦးထံ အမြဲတည်းသည်။ မကြာလှသေးသော နိုင်ငံရေးဇာတ်ခုံမှာ ထိပ်သီးကြီးတစ်ဦး၊ ဌာနချုပ်မှာပဲ မြဲမြံခဲ့သောပုဂ္ဂိုလ်ကြီး တစ်ဦး။ တစ်ခါသားတော့ သူက လွယ်အိတ်ကြီးလွယ်၊ အဝတ်ဦးထုပ်လေးဆောင်းကာ ထီးကြီးဆောင်းပြီး ဒေါ်ဒေါ့်ထံ ခြေကျင် ရောက်လာသည်။ ညနေစောင်းမှာပေါ့။ ဒေါ်ဒေါ်က သူ့ကို ဧည့်ခန်းထဲ နေရာချပေးကာ ကော်ဖီတစ်ခွက်နှင့် ဧည့်ခံထားပြီး ဧည့်ခန်းအပေါက်၀ ကျွန်တော့်စာပွဲဆီလာပြီး “ အဲဒါ (………) ဆိုတာပဲ။ အရင်က စာလည်းရေးတယ်။ နာမည်ကြီးတွေပဲ။ သူ့ဆီက ရှားရှားပါးပါးသတင်းတွေ ရတတ်တယ်။ ဒါပေမယ့် သတိထားပြီး သူ့သတင်းတွေကို ယုံရတာ၊ ဒို့ဘေးမှာ မင်းလာထိုင်၊ သူပြောတာ နားထောင်၊ ဒို့ တစ်ယောက်ထဲဆိုရင် သူ့စကားက ဒို့စကားအနေနဲ့ ပြန်ဖြန့်မှာစိုးလို့ ..” ဟုပြောကာ ကျွန်တော်ပါ ဝင်ထိုင်ရသည်။
ဒေါ်ဒေါ်ပြောသလိုပါပဲ၊ ထိုပုဂ္ဂိုလ်ကြီးပြောသော သတင်းတွေက ထို အချိန်ကာလတွင် တကယ့် ထိပ်ပိုင်း သတင်းတွေချည်း၊ ပြောကြပါစို့၊ အန္တရာယ်ကြီးလှသော သတင်းတွေချည်း…။ န.ဝ.တ မှ န. အ .ဖ သို့ ပြောင်းလိုက်ရသည့် ထိပ်ပိုင်းသတင်းတွေချည်း။ နောက် ထပ်လည်း ရောက်လာတတ်သေးရာ ကျွန်တော်ရှိနေလျှင် ဒေါ်ဒေါ်က သူ့ဘေးခေါ်ထားပြန်၏။ နောက်တစ်ခါတော့ သူဦးဆောင်ပြုစုခဲ့သည်ဆိုသော အတွေးအခေါ်ဆိုင်ရာ နာမည်ကျော် နိုင်ငံရေးကျမ်းကို အမေရိကန်တက္ကသိုလ်ကြီး တစ်ခုက ဒေါ်လာသန်းချီပေးကာ ထုတ်ဝေထိန်းသိမ်းမည်ဟု ကမ်းလှမ်းသော်ငြား သက်ရှိထင်ရှားရှိနေဆဲ အငြိမ်းစားခေါင်းဆောင်ကြီးတစ်ဦးက လက်ခံခွင့်ပြုဖွယ်မရှိ ဟူသောသတင်းကို ကြားရပြန်သည်။
နိုင်ငံရေးသမားကြီးများနှင့် ပတ်သက်၍ အလျင်းသင့်လျှင် သူတို့အကြောင်းကို ဒေါ်ဒေါ်က ပြောပြရာ၌ မှတ်မှတ်ရရ စွဲမိတာ ရှိသည်။၁၉၉၅ခုနှစ်လောက်ကဖြစ်သည်။ ကျွန်တော် စာပြင်၊စာတည်း စာပွဲမှာ ထိုင်ရစဉ် ဒေါ်ဒေါ်က ညနေစောင်းရေမိုးချိုးပြီး နံ့သာဖြူကရမက်တွေ လိမ်ကျံကာ စမုံစပါးစေ့လေးတွေဝါးရင်း““ ဘာထူးသေးသလဲကွဲ့”” ဆိုသော နိဒါန်းစကားနှင့် လမ်းဖွင့်ကာ ကျွန်တော်နှင့် ရောက်တတ်ရာရာတွေ ပြောဖြစ်သည်။ ရောက်တတ်ရာရာဆိုပေမယ့် ကမ္ဘာကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီးမို့ စကားလုံးတိုင်းဟာ အဖိုးအဂ္ဂ ထိုက်တန်သည်ချည်းဖြစ်သည်။ မှတ်သားစရာတွေက အများကြီးပေါ့။ သည်အချိန် ထူးထူးခြားခြားမှတ်မိနေသော ဒေါ်ဒေါ်စကားတစ်ခွန်းကို မမေ့နိုင်ဘဲ သတိရနေမိသည်။ ပြောစရာတွေ ပြောပြီးတဲ့အချိန်မှာ ဒေါ်ဒေါ်က““ သြော်…..ငါတို့တိုင်းပြည် ကံကြမ္မာကလည်း လူတော်တွေအတွက် တယ်ပြီး မျက်နှာသာမပေးလှဘူး။ လွတ်လပ်ရေးကြိုးပမ်းရေး ကာလမှာရော၊ လွတ်လပ်ပြီးကာလမှာရော တိုင်းပြည်အတွက် အသက်စတေးကြရတဲ့ လူတော်တွေ အများကြီးပါကလား။ လူတော်တွေ ဒီလောက် စတေးခဲ့ကြပေမယ့် စတေးရသလောက်လည်း ထိုက်တန်လောက်တဲ့ အကျိုးမရှိတာက ပိုပြီးစိတ်မကောင်းစရာပဲကွဲ့”” ဟူသော စကားမျိုးကို သက်ပြင်းတချချနှင့် ပြောလေ့ရှိသည်။ ဒေါ်ဒေါ်ပြောသော လူတော်တွေဆိုသောပုဂ္ဂိုလ်များထဲမှာ ကိုအောင်ဆန်းအကြောင်းပါသည်။ ကိုဗဟိန်းအကြောင်း ပါသည်။ ကိုရာရှစ်အကြောင်းပါသည်။ ဆရာကြီးဦးရာဇက်အကြောင်း ပါသည်။ ပြီးတော့မှတ်မှတ်ရရ ကိုသန်းထွန်း (သခင်သန်းထွန်း) အကြောင်းလည်းပါသည်။ အခြား ကျွန်တော်နှင့် လက်လှမ်းမှီနိုင်သော ပုဂ္ဂိုလ်တွေ အကြောင်းလည်း ပါတာပေါ့။ ထိုထို ပုဂ္ဂိုလ်တွေအကြောင်းထဲမှာ တနွယ်ငင် တစင်ပါဆိုသလို ဗိုလ်ချုပ်ကြီးနေဝင်းအကြောင်းလည်းပါတာ သတိထားမိသည်။ လူတော်တွေအကြောင်း ဒေါ်ဒေါ်က တခုတ်တရပြောတော့ သူတို့နဲ့ တစ်ဖက်က ဆက်စပ် ပတ်သက်နေသော သူအကြောင်းလည်း ပါရမှာပေါ့လေ။
ဒေါ်ဒေါ်က ကိုဗဟိန်းအကြောင်းဆိုလျှင် တော်တော်လေး လွမ်းလွမ်းဆွတ်ဆွတ် နှမြောတသ ပြောလေ့ရှိသည်။ တစ်ရပ်ကွက်ချင်းသားလည်း ဖြစ်သကဲ့သို့ ကိုဗဟိန်း မိဘများဖြစသော ဦးမှင်နှင့် ဒေါ်ဦးတို့ကလည်း ဒေါ်ဒေါ်တို့မိဘဖြစ်သော ဦးထင်၊ဒေါ်စု တို့နှင့် ရင်းနှီးခင်မင်ရင်းစွဲ ရှိခဲ့ပြီးသား။ ထို့ကြောင့် ကိုဗဟိန်းနဲ့ ပတ်သက်ပြီး ဒေါ်ဒေါ်ကပြောလေ့ရှိရာမှာ လူပုံက နွဲ့နွဲ့လျလျနှင့် စိတ်ဓာတ်မှာ အင်မတန်ခိုင်မာပြီး ယုံကြည်ချက် ပြင်းထန်လွန်းတာကို တခုတ်တရပြောလေ့ရှိသည်။ ကျွန်တော်တို့ကိုလည်း မန္တလေးသားကိုဗဟိန်း အကြောင်း လက်လှမ်းမှီသရွှေ့ မေးမြန်းသုတေသနပြုပြီး ရေးသားဖို့ တိုက်တွန်းလေ့ရှိသည်။ ဂျပန်တော်လှန်ရေးအပြီး ၁၉၄၆ခုနှစ်တွင် မန္တလေးက စိန့်ပီတာဆေးရုံကြီးပေါ် (ယခုအ.ထ.က ၉) ငှက်ဖျားရောဂါနှင့် အသည်းအသန် နာမကျန်းဖြစ်၍ ဆေးရုံတက် ကုသနေစဉ် လတ်တလောဖြစ်ပျက်နေသည့် နိုင်ငံရေးသတင်းများနှင့် ပတ်သက်၍ လူမမာ စိတ်အနှောက်အယှက် မဖြစ်ရန် ဆရာဝန်များက အထူးကြပ်မတ် ပိတ်ပင်ထားသည်။ သို့သော် ဂျပန်တော်လှန်ရေးတွင် အဓိကမဏ္ဍိုင်ဖြစ်သော ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ထုတ်ပယ်လိုက်သည့် သတင်းကို ဘီတီဘရားသား ကုမ္ပဏီ၏ လူမမာမေးသော ကိတ်မုန့်ထုပ်ထားသည့် သတင်းစာဟောင်းပေါ်ကတဆင့် သိရှိသွားပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ နလန်မထူဘဲ ကွယ်လွန်ခဲ့ရမှု အပေါ်မှာ ဒေါ်ဒေါ်က စုတ်တသပ်သပ်နှင့် ဝမ်းနည်းစကား ပြောလေ့ရှိသည်။
ဘာပဲပြောပြော မန္တလေးသားကိုဗဟိန်းဖက်က ပိုပြီးခံပြင်းပုံလည်းရတယ်။ လူပုဂ္ဂိုလ်နဲ့အတူ နောက်ကွယ်က ပါတီ အဖွဲ့အစည်းသံယောဇဉ်လည်း ရှိတာသေချာသည်။ ကိုသန်းထွန်းအကြောင်းလည်း ဒေါ်ဒေါ်က မကြာမကြာ ပြောတတ်သည်။ ““ လူတော်ကွ။ တစ်လျောက်လုံး သူ့ယုံကြည်ချက်ကို အတိမ်းအစောင်းမခံဘဲ သူ့အလုပ်သူလုပ်သွားတဲ့သူ၊ ကိုလှနဲ့လည်း ရင်းနှီးတယ်။ တစ်သက်လုံး နိုင်ငံရေးအတွက်ပဲ လုပ်ကိုင်ခဲ့ပြီး သက်သက်သာသာ မနေခဲ့ရရှာပါဘူးကွယ်”” ဟု ပြောလေ့ရှိသည်။ကိုသန်းထွန်းနှင့် ပတ်သက်၍ ဒေါ်ဒေါ်ပြောသော ““ လူတော်ကွတစ်လျောက်လုံး သူ့ယုံကြည်ချက်ကို အတိမ်းအစောင်းမခံဘဲ သူ့အလုပ်သူ လုပ်သွားတဲ့သူ”” ဆိုသော စကားကို ဒေါ်ဒေါ်မကြာမကြာ ပြောလေ့ရှိလို့ မှတ်မိနေသည်။ ကိုသန်းထွန်းက ဒေါ်ဒေါ်ရဲ့ စာအုပ်တစ်အုပ်မှာလည်း အမှာစာ တစ်ပုဒ်ကို စိတ်ပါလက်ပါ ရေးပေးခဲ့ဖူးသည်။ လူထုဂျာနယ်မှာလည်း ဆောင်းပါးတွေ ရေးခဲ့ဖူးသည်။ စစ်အတွင်းက ရရာစက္ကူတွေနှင့် ရိုက်နှိပ်ထုတ်ဝေရသော လူထုဂျာနယ်အတွဲ ၁၊အမှတ် ၅(၁၉၄၅ခု၊စက်တင်ဘာလ ၁၅ရက်ထုတ်) မှာ အယ်ဒီတာဦးလှက ထိုနှစ် ဇူလိုင်လ ၂၀ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပသော ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကွန်မြူနစ်ပါတီ ကွန်ကရက်၌ သဘာပတိ သခင်သန်းထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းထဲက ကောက်နုတ်ချက်များ ကို တကူးတက ဖော်ပြပေးထားသည်။ ခေါင်းစီးကိုလည်း““ ကွန်မြူနစ်ဆိုတာ ဘာလဲ?”” ဟုပေးထားသည်။
ဒီကောက်နုတ်ချက်ထဲမှ စိတ်ဝင်စားစရာကောင်းသော အချက်များကို ပြောပြပါရစေ။
“ ကွန်မြူနစ်တွေဟာ ဘာသာတရားကို ဖျက်ဆီးသူ၊ ပုတ်ခတ်သူများမဟုတ်။ လူတိုင်းကြိုက်တဲ့ ဘာသာအယူဝါဒ ရှိနိုင်သလို ကိုယ်ကြိုက်တဲ့ အယူယူခြင်းသာဖြစ်တယ်။ သူများအယူဝါဒကို မနှောက်ယှက်။ ကွန်မြူနစ်တို့သည် သူများကိုဆဲ၊ အတင်းပြောသူများ မဟုတ်။ သူများ၏ အလုပ်ကိုဝေဖန်၍ ကိုယ့်ကိုယ်ကိုယ်လည်း ဝေဖန်သူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ သပိတ်မှောက်ဖို့မလုပ်။ စီးပွားတိုးတက်ဖို့သာ လုပ်တယ်။ ကွန်မြူနစ်တို့ဟာ ကိုယ်ကြီးပွားဖို့ မလိုလား။ ပြည်သူ့အကျိုးကိုသာ အဓိကထား၍ လုပ်တယ်။ ကွန်မြူနစ်တို့ဟာ စိတ်နောက်ကိုယ်ပါ လုပ်သူများမဟုတ်။ အကျိုးအကြောင်းနှင့် လုပ်သူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ အလွန်အကျွံ ဝါဒသမားများမဟုတ်။ တကယ့်အခြေနှင့် ဖြစ်နိုင်သည်ကိုသာ လုပ်သူများဖြစ်တယ်။ ကွန်မြူနစ် တို့ဟာ စိတ်မနိုင်သူများ မဟုတ်။ ငလျင်တွေ၊ မုန်တိုင်းတွေကြားမှာပင် ရပ်တန့်နိုင်သူတ့ို ဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ အဖျက်သမား များ မဟုတ်။ ပြာထဲ အမှိုက်ပုံထဲကနေပြီး အသစ်ထူထောင်နေသူများ ဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ သွေးစိမ်း သောက်ချင်တဲ့ သူတွေမဟုတ်။ ညီရင်းအကို ချစ်ခင်မှုကို လိုလားတယ်။ ကွန်မြူနစ်တို့ဟာ သည်းညည်းမခံ၊ ဇတ်ဇတ်ကျဲများ မဟုတ်။ လိုက်လိုက် လျောလျောနဲ့ ဇွဲရှိသူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ စာအုပ်ကြီးအတိုင်း လုပ်သူများမဟုတ်။ အခြေအနေနှင့် ဆီလျော်အောင် လုပ်သူများဖြစ်တယ်။ ကွန်မြူနစ်တို့ဟာ တော်လှန်ရေးကို ကလေးကစားစရာလို သဘောမထား။ လက်ဖက်ရည်ကြမ်းဝိုင်းမှာ တောင်စဉ်ရေမရ ပြောသလိုမလုပ်။ တော်လှန်ရေးကို လုပ်သင့်မှလုပ်မယ်။ မလုပ်သင့်ခင်လုပ်ကို မလုပ်ဘူး။ ပြောကိုမပြောဘူး။ တိုင်းပြည်အကျိုးသာ အဓိကပဲ” …..စသော ကောက်နုတ်ချက်များကို သေချာဖော်ပြထားသည်။
ဒေါ်ဒေါ်က လူတော်တွေအကြောင်းပြောတိုင်း ကျွန်တော်က စိတ်ထဲမှာ ဒေါ်ဒေါ်တို့မိတ်ဆွေ ကိုသန်းထွန်းနှင့် ပတ်သက်ပြီး မိသားစု အနာတရကိစ္စတစ်ခုကြောင့် စိတ်အနာကြီးနာကာ အခဲမကျေ ဖြစ်လေမလားဆိုသော သာမာန်လူပြိန်းစိတ်မျိုး ဝင်တတ် သည်။ ဒါပေမယ့် ဒေါ်ဒေါ်သည် ကိုသန်းထွန်းလူတော်ဟူသော ကိစ္စတစ်ပြားသားမျှမလျှော့ခဲ့။ ယုံကြည်ချက်၊ ဝါဒလမ်းစဉ်နှင့် တိုင်းပြည်အကျိုးရှေးရှုပြီး လူပုဂ္ဂိုလ်နှင့် လုပ်နည်းလုပ်ဟန်အပေါ် ခွဲခွဲခြားခြားထားရှိသည်။ဒေါ်ဒေါ်ပြောသော လူတော်တွေကိစ္စမှာ ထိုသဘောထားနှင့်ပဲ ဆုံးဖြတ်ခဲ့သည်မှာ အတုယူစရာဖြစ်သည်။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW