နိုဝင်ဘာ ၂ – ၂၀၂၅
SN (VOM)
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်ချိန် ကြာမြင့်ပြီး မော်တော်ယာဥ်သုံး CNG ဂက်စ် လုံလုံလောက်လောက် မရရှိတာကြောင့် အငှားယာဥ်မောင်းနှင်ပြီး ဝင်ငွေရှာဖွေနေကြသူတွေ အနေနဲ့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် CNG ဓာတ်ငွေ့ ရောင်းချမှုတွေ မကြာခဏဆိုသလို ရပ်ထားရတဲ့အတွက် အရောင်းဆိုင်တွေရှေ့မှာ ကားတန်းအရှည်ကြီးတွေ ဖြစ်ပေါ်နေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
“ဂက်စ်တွေ မရဘူး။ အချိန်အကြာကြီးပေးပြီး တန်းစီနေရတာ တပတ်လောက် ရှိသွားပြီ။ တခါတန်းစီရင် နှစ်နာရီကျော်လောက် ကြာတယ်။ မီးပျက်နေလို့၊ Error တက်နေလို့နဲ့ ကားထဲကို ဂက်စ်ရောက်ဖို့ တော်တော်လေးကို စောင့်ယူရတယ်။ ရပြန်တော့လည်း ဂက်စ်က အမောင်းမခံဘူး။ တရက်၊ တရက်ကို ဂက်စ်တန်းစီနေရတာနဲ့ပဲ အချိန်တော်တော် ကုန်နေတယ်။ အတော်ကို စိတ်ဆင်းရဲရတယ်။ ကားဆွဲတာ အခေါက်ရေ နည်းတဲ့နေ့ဆို အုံနာကြေး ဘာညာ ပေးရတာနဲ့ဆို ဘာမှ သိပ်မကျန်ဘူး” လို့ တက္ကစီ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ရန်ကုန်မြို့အတွင်း CNG ဓာတ်ငွေ့ အရောင်းဆိုင်ပေါင်း ၄၀ လောက်ရှိပြီး အများစုကတော့ မီးပျက်နေတဲ့အချိန်မှာ ဓာတ်ငွေ့ ဖြည့်ပေးနိုင်ခြင်း မရှိကြဘူးလို့ နောက်ထပ် ယာဉ်မောင်း တယောက်က ပြောပါတယ်။
“ဆိုင် ၄၀ မှာ မီးစက်မရှိတဲ့ ဆိုင်တွေက ပိုများတယ်။ တချို့ မီးစက်ရှိတဲ့ ဆိုင်တွေဆိုလည်း မီးစက်ကို သိပ်မသုံးကြဘူး။ မီးမလာရင် အရောင်း ရပ်ထားလိုက်တာပဲ။ အခုဟာက တိုက်ဆိုင်တာလို့ပဲ ပြောရမလား၊ ဆိုင်တိုင်းလိုလို ဂက်စ်မရတာ ဖြစ်နေတာ။ ဒါတောင် ပွင့်လင်းရာသီ ဝင်ကာစပဲ ရှိသေးတယ်။ မီးပျက်တဲ့ ပြဿနာက စနေပြီ။ CNG တွေ တန်းစီနေရပြီ” လို့ သူက ပြောပါတယ်။
ဒါအပြင် YBS ယာဉ်လိုင်းတွေ အနေနဲ့လည်း လက်ရှိမှာ ဂက်စ်ထည့်ချိန် အရင်ကထက် ကြာမြင့်လာတာကြောင့် ပုံမှန်အတိုင်း ပြေးဆွဲနိုင်ခြင်းမရှိ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ယာဉ်ရှားပါးမှုတွေ ဖြစ်ပေါ်နေပြီး ခရီးသည်တွေ အနေနဲ့ မှတ်တိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
“အလုပ်သွားဖို့ ကိုယ်က ကားနှစ်ဆင့် စီးရတာဆိုတော့ အရင်ကထက် အချိန်ပိုစောပြီး ထွက်ရတယ်။ YBS ၁၂ ဆို ညနေ အလုပ်ဆင်းချိန်တိုင်း တစီးတစီးလာဖို့ အရင်ကတောင် တနာရီလောက် စောင့်ရတာ။ အခုဆိုရင် အဲ့ထက်မက ကြာတယ်။ လမ်းပိတ်တာနဲ့ ကားစောင့်ရတာ ကြာတာနဲ့။ YBS ၂၄ ကျတော့လည်း အတက်အဆင်းနားအထိ လူကပြည့်နေပြီ” လို့ ခရီးသည်တယောက်က ပြောပါတယ်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ၊ အငှားယာဉ်တွေနဲ့ ခေါက်တို ကုန်တင်ယာဉ် ၃၀၀၀ ကျော်ဟာ CNG ဓာတ်ငွေ့ကို အသုံးပြုနေပြီး မောင်းနှင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
