နိုဝင်ဘာ ၆ ၊ ၂၀၂၅
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာရှိ လမ်းမတွေပေါ်မှာ အမျိုးသားနှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ် လို့ ဒေသခံဆီကသိရပါတယ်။
” ညက သေနတ်ပစ်သံတွေတော့ ကြားလိုက်တယ် ။ အသတ်ခံရတာတော့ ခုမနက်မှ သိရတာ ။ သတ်ခံရသူတွေတော့ မသိသေးဘူး ။ ” လို့ ဒေသခံကပြောပါတယ်။
ယူမာကျေးရွာမှာဆိုရင် Seven Music စားသောက်ဆိုင်ရှေ့မှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံထားရတာဖြစ်ပြီး မရှီကထောင်ရပ်ကွက်မှာတော့ အပိုင်း ( D) ထဲမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံထားရတာကို ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” မရှီကထောင်နားက တလောင်းက ကောက်လိုက်ပြီ ။ဆိုင်ကယ်ရော အလောင်းရော မရှိတော့ဘူး ။သွေးတွေက အပေါ်ခေါင်းနား တဝိုက်မှာပဲ အိုင်နေတာ ။ မရှီကထောင် ဆိုတာမြို့လယ်ခေါင် မှာရှိတဲ့ ရပ်ကွက်ပါ ။ ယူမာနားက တလောင်းကတော့ ရှိသေးတယ် ။ ” လို့ မျက်မြင် ကြုံတွေ့သူ ဒေသခံက ပြောပါတယ် ။
လက်ရှိဖားကန့်မှာ မရှိကထောင် ရပ်ကွက်နဲ့ ယူမာကျေးရွာဘက်အပါအဝင် နေရာအချို့မှာ အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ ငြိမ်နေကြောင်း ၊ ယခု အမျိုးသား နှစ်ယောက် ပစ်သတ်ခံရမှုအပေါ် ဘယ်အဖွဲ့က ပစ်ခတ်သလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိဘူး လို့ဆိုပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ ကလည်း ယူမာကျေးရွာနဲ့ မရှီကထောင်ရပ်ကွက်လမ်းပေါ်က တံတားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖားကန့်ဒေသကို အစိုးရတပ်နဲ့ KIA အဖွဲ့အသီးသီးက ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ် ။
စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းကလည်း ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက်မှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖားကန့်မှာ ဩဂုတ်လအတွင်း တုန်းကလည်း သေနတ်နဲ့ ပစ်သတ်ခံရသူ လေးယောက်ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာဆိုရင်လည်း လမ်းမပေါ် ပစ်သတ်ခံရသူပေါင်း ၁၅ ယောက်လောက်ရှိ ခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – အောင်ဇော်မိုးဖားကန့်
