နိုဝင်ဘာ ၁၃ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊စမုံချောင်းအတွင်းမှာ နိုဝင်ဘာ ၁၂ ရက်နေ့၊ မနက်ပိုင်းက ကျောင်းသား နှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး အလောင်းကတော့ ခုချိန်ထိရှာဖွေ တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရေနစ်သေဆုံးတဲ့ ကျောင်းသား နှစ်ယောက်မှာ အသက် ၁၇ နှစ်အရွယ် Grade 12 တက်ရောက်နေတဲ့ ကျောင်းသားတွေဖြစ်ပြီး ဝမ်းတွင်းမြို့နယ် ၊ ရွာသစ်ရွာ ( ကိုင်း) ကဖြစ်တယ်လို့ သိရပါတယ် ။
” မနေ့ကတည်းက ရှာနေတာ ဒီနေ့ရောပဲ ။ခုထိ ရှာမတွေ့သေးဘူး ။ ကလေးတွေက ဘေးရွာက အပြန် ချောင်းထဲဆင်း ချိုးရာကနေ ရေနက်ထဲ ရောက်ပြီး ရေနစ်သွားတယ် ထင်ပါတယ်။ စမုံချောင်းက ရေစီးလည်း သန်တယ် ။ မနေ့ကတည်းက နစ်တာဆိုတော့ အသက်ရှင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး ။ အခုက ရုပ်အလောင်းကို ရှာနေတာပေါ့။ ” လို့ မြေပြင် ကူညီရှာဖွေရေး လုပ်နေတဲ့ နန္ဒာမေတ္တာ လူမှုကူညီရေးအသင်း မှ အသင်းဝင်တယောက်က ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ ကျောင်းသားနှစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းကနေ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိဆက်လက် ရှာဖွေနေကြောင်း ၊ နေ့လယ် ထမင်းစား နားချိန်အထိတော့ ရုပ်အလောင်း ရှာဖွေတွေ့ ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
မြေပြင်ကူညီကယ်ဆယ်ရေးကိုတော့ DIVER-225 Team ၊ KYAUKSE RESCUE နဲ့ နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာန ၊ ဗြမ္မာပါလ(ကူမဲ)တို့က ပူးပေါင်းပြီး ရှာဖွေရေး လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေးကုန်း ကျေးရွာရှိ ထုံးကြီးချောင်းထဲမှာ နွားမျောသွားလို့ လိုက်ဆယ်ယူခဲ့တဲ့ အမျိုးသားတယောက် ရေနစ်သေဆုံး မှုဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်ကလည်း မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်၊ ကျီးနီကန်မှာ ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်မြုပ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက်ကလည်း ပဲခူးတိုင်း ၊ပြည်ခရိုင် ၊ရွှေတောင်မြို့ရှိ ဗဟိုမီးသတ်ကန်မှာ ငါးမျှားတဲ့ Grade 8 ကျောင်းသားနှစ်ယောက် ရေနစ်မြုပ် သေဆုံးမှု ဖြစ်ပွားမှု ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ကျောက်ဆည်လူမှုကူညီရေးအသင်း
