ဧည့်မျှော်၊ ဧည့်မျှောင်
—————————–
ငယ်ငယ်က အိမ်ကို ဧည့်သည်လာလျှင် ပျော်သည်။ ရေစက်ရုံကြီးနားက ဒေါ်ဒေါ်လုံးတို့၊ အဒေါ်ဒေါ်မြသောင်းနှင့် သမီး မမမြချိန်တို့၊ ကျုံးထောင့်က ဒေါ်ဒေါ်လှရင်တို့၊ ဘုတလင်က ဒေါ်ကြီးဒေါ်စောယုတို့ လာလျှင် အိမ်က ဒန်ချိုင့်လေးဆွဲပြီး အိမ်တော်ရာ ဘုရား အနောက်မုခ် မဟူရာဇရပ်ကြီးဘေးမှာ မလိုင်ပေါက်စီ သွားဝယ်ရသည်။ ကလေးတစ်ယောက် အပြေးအလွှား ချွေးသံတရွှဲရွှဲနှင့် သွားဝယ်ပေးသော မလိုင်ပေါက်စီကို အဘယ်ကဲ့သို့သော ဧည့်သည်သည် အကုန်လုံး စားပစ်ရက်ပါမည်နည်း။ (ဧည့်သည်မျိုမကျအောင် ကျွန်တော်ကလည်း ဧည့်သည်အနား ထိုင်ကာ ပါးစပ်တပြင်ပြင် ဖြစ်နေတာလည်း ပါမည်။) ဧည့်သည်က မလိုင်ပေါက်စီကို တစ်ဝက်လောက်သာ စားပြီး “အိမ်ကလည်း ကာဖီတွေ သောက်လာလို့ မုန့်က မကုန်တော့ဘူး၊ ရော့ ရော့… ကျန်တဲ့တစ်ဝက် မင်းစားလိုက်တော့…” ဟူ၍ မလိုင်ပေါက်စီ ပန်းကန် ထိုးပေးလိုက်လျှင် ဟန်မဆောင်နိုင်ဘဲ သုတ်ခနဲယူကာ အားပါးတရ စားရတော့၏။ ဒါက တစ်မြို့တည်းနေ ဧည့်သည်။
တစ်ရပ်တစ်ကျေးက ဧည့်သည်လာတော့လည်း ပို၍ပျော်သည်။ တစ်ရပ်တစ်ကျေး ဧည့်သည်ဆိုတာလည်း များများစားစားမရှိ…။ အဘတို့ အမေတို့ဇာတိရွာက ဦးကြီး၊ ဘကြီး၊ ဒွေးလေး၊ ဒွေးကြီးများပဲ ဖြစ်သည်။ သူတို့လာလျှင် ဘုရားကြီးသွားရသည်။ မန်္တလေးတောင် သွားရသည်။ အရှေ့ဝင်း သွားရသည်။ (အရှေ့ဝင်းဆိုတာ မင်္ဂလာဈေးအနီး အမျိုးများ နေထိုင်ရာ အရပ်ဖြစ်သည်။) သာသနာ့ဗိမာန် သွားရသည်။ ရွှေကျီးမြင်သွားရသည်။ ရှင်ပင်ပက်လက် ရေစက်လက် သွားရသည်။ ပြီတော့ ညပိုင်းဆိုလျှင် သကျသီဟဘုရား သွားရသည်။အိမ်တော်ရာ ဆိုတာကတော့ ဆွေဘုရား…၊ မျိုးဘုရား..။
ပေါက်ဆိန်ပေါက်ဆရာတော်လာလျှင်လည်း ပျော်သည်။ ဆရာတော်က တစ်နှစ် တစ်ခေါက်တော့ လာတတ်သည်။ ဆရာတော် ကြွလာလျှင် ဦးပုဆိုင် ပြေးပြီး ဘိလပ်ရည် ဝယ်ရ၏။ ကျွန်တော်က ဤသို့ဝယ်ရတိုင်း ကျွန်တော် ကြိုက်သော အစိမ်းရောင် ကရင်ဆိုဒါကိုပဲ ဝယ်သည်။ ဆရာတော်ကို အိမ်ရှိ ငါးကြင်းကွက် ဖန်ခွက်ကြီးဖြင့် ဘိလပ်ရည်ထည့်ကပ်တိုင်း “ မောင်ကျော်ဆန်း ဖန်ခွက်တစ်လုံး ထပ်ယူခဲ့ဦး” ဟု မိန့်ကာ နောက်ထပ် ဖန်ခွက်ထဲသို့ ဘိလပ်ရည် တစ်ဝက်ကျော်လောက် ပြန်စွန့်လေ့ရှိသည်။ ထိုတစ်ဝက်ကျော်က ကျွန်တော့် အတွက်ပါပဲ။
ထိုမျှမက ဆရာတော်က အဘနှင့် စကားပြောဆိုအပြီး ပြန်ကြွတိုင်း ကျွန်တော့်ကို ဝင်းပေါက်အထိ လိုက်ပို့စေကာ ဝင်းပေါက်ရောက်တော့ မုန့်ဖိုးအဖြစ် ကျပ်တန်အသစ်လေးတွေ ၃ရွက်၊ တစ်ခါတရံ ၅ရွက်အထိ ပေးနေကျ မဟုတ်ပါလား။
ထမ်းပိုးကြီး၊ ထမ်းပိုးကျည်း
——————————–
ဟော အခုလည်း အဘအစ်ကိုဖြစ်သူ ဦးကြီးဦးချစ်တီး ရွာက လာသည်။ မနက်လင်းတာနှင့် အဘက သူ့အစ်ကိုကို မြို့မုန့်များနှင့် ဖွယ်ဖွယ်ရာရာဧည့်ခံသည်။ ကိုဘစိမ်း လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်နှင့် ထပ်တရာ ဖြစ်၏။ ဦးပုကွမ်းယာဆိုင်က “ပဲဒလီး”မုန့်လည်းပါသည်။ ဒါတောင် အဘက “ဦးမှန် ဆီချက် ခေါက်ဆွဲ”ကျွေးချင်တာဟု ဆို၏။ ဦးကြီးက လက်ဖက်ရည်သောက်ပြီး ကျောင်းပိတ်ထားသည့် ရှစ်တန်းကျောင်းသား ကျွန်တော့်ကို “မင်း… ဒီနေ့ ကျောင်းပိတ်တယ် မဟုတ်လား”ဟု မေးတော့ ဦးကြီးနှင့် ဘုရားကြီးလား၊ မန်္တလေးတောင်လား သွားရတော့မှာမို့ ဦးကြီးစကား ဆုံးသည်နှင့် “ပိတ်တယ်ဗျ၊ စနေ၊ တနင်္ဂနွေ နှစ်ရက်တောင်မှ”ဟု အားတက်သရော ဖြေမိသည်။ “အေး… ဒါဆိုရင် ခဏနေ… ငါနဲ့လိုက်ခဲ့ကွာ… ဈေးချိုထဲ ထမ်းပိုးကြီး သွားဝယ်ကြရအောင်…” ဟု ဆိုတော့ ခင်ဗျာဟုပဲ အာမေဋိတ်သံ ထွက်သွားပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။
စဉ်းစားကြည့်ပါဦးဗျာ။ ၈တန်းကျောင်းသား လူပျို မပေါက်တပေါက် အရွယ် အတွက် ဈေးချိုဆိုတာ မုန့်စုံတန်းက၊ ထိုးမုန့်တန်းက၊ မြောက်မလွယ်က ဈေးချိုသူလေးတွေကို ငေးမောရင်း၊ အဟဲ မျက်လုံးချင်း စကားပြောနေရမည့် ရင်ခုန်ဖွယ် ရပ်ဝန်းမဟုတ်လား။ အဲဒီဈေးချိုမှာ ဗန်းမော်တံဘက်ကြီး ခေါင်းပေါင်းပေါင်း၊ ပင်နီတိုက်ပုံကြီးနှင့် နှစ်နံစပ် ဖျင်လုံချည်ကြီးနဲ့ တာယာဖိနပ်ကြီး စီးထားသော ဦးကြီးနှင့်အတူ “ထမ်းပိုးကြီး”ကို ဝယ်ပြီး တစ်ယောက်စီ တစ်ဖက်တစ်ချက် ထမ်းပြန်ရမည်ဆိုတော့။ သေချာသည်။ ဦးကြီးကလည်း ထမ်းပိုးကြီးဝယ်ပြီး အိမ်တန်းပြန်ဦးမှာမဟုတ်။ ထိုးမုန့်တန်းကို၊ မုန့်စုံတန်းကို၊ မလွယ်ပေါက်က မြဂုဏ်ရောင်ဆိုင်ဆီကို ဝင်ဦးမှာဆိုတော့။ ဟူး…။ ကျောင်းပိတ်တယ်လို့ ခေါင်းညိတ်မိတာ မှားပြီထင်တယ်ဟု ချွေးသီးချွေးပေါက် ကျသည်အထိ နောင်တရနေမိ၏။
နေပါဦး။ ပြန်စဉ်းစားပါဦး၊ ဈေးချိုမှာ(ထိုစဉ်က)ရုံကြီး ၁၂ရုံတွင် အနောက်မြောက်ထောင့် စ၍ အေရုံ၊ ဘီရုံ၊ စီရုံပြီးတော့ မြောက်မလွယ် ပေါက်၊ နောက် ဒီရုံ၊ အီးရုံ၊ အက်ဖ်ရုံ။ ပြီးတော့ အလယ်ပေါက် ဂျီရုံ၊ အိတ်ချ်ရုံ၊ အိုင်ရုံ…။ ပြီးတော့ တောင်မလွယ်ပေါက်၊ နောက ်ဂျေရုံ၊ ကေရုံ၊ အယ်လ်ရုံ ဟူ၍ ရုံ ၁၂ရုံရှိသည်။ အေရုံက ဆန်နှင့်ပဲအမျိုးမျိုး၊ ဘီရုံက မေမြို့ ကုန်စိမ်းနှင့် ဆေးအမျိုးမျိုး၊ စီရုံက စာအုပ်နှင့် စာရေးကိရိယာ၊ ဒီရုံကလက်ဖက်ခြောက်၊ လက်ဖက်စိုနှင့် ကုန်ခြောက်၊ အီးရုံက နာမည်ကျော် ရွှေဆိုင်းတန်း၊ အက်ဖ်ရုံက အထည်အဝတ်၊ ဂျီရုံက ကုန်စုံကုန်ခြောက်၊ အိတ်ချ်ရုံက ကျူလီယာကုန်၊ အလှကုန်၊ အိုင်ရုံက ပိုးထည် ဖဲထည်၊ ဂျေရုံက ငါးပိ ငါးခြောက်၊ ကေရုံက ဆေး၊ ဆေးရိုးနှင့် ဘယဆေး၊ အယ်လ်ရုံက ချုပ်ပြီးအထည်၊ ဖိနပ်၊ ယွန်းထည်၊ ယွန်းအစ်၊ ပိုးခင်ချည်ထုပ်၊ ချည်ဆိုးဆေးအမျိုးမျိုး ရောင်းချသည်။ တစ်ရုံလျှင် ဆိုင်ခန်း ၁၆၀ရှိသည်။ ရုံကြီး ၁၂ ရုံဆိုတော့ ဆိုင်ပေါင်း ၁၉၂၀ ရှိမှာပေါ့။ ဒါ…ကြားတန်းတွေမပါ…။ အခြားဈေးတန်း၊ အခြားရုံတွေမပါ။ ထားပါတော့။ ပြောချင်တာ က မန်္တလေးဈေးချိုဆိုတာ ပစ်္စည်းတွေကို သူ့ရုံနှင့်သူ၊ သူ့အတန်းနှင့် သူ တစ်စုတစ်စည်းတည်း ရောင်းချကြသည်။ ဒါကို ဆိုလိုရင်းဖြစ်သည်။
ဤသို့ဆိုလျှင် “ထမ်းပိုးကြီး”က ဘယ်မှာ ရောင်းတာလဲ။ ဦးကြီးကတော့ ဈေးချိုထဲမှာဟု အတိအကျ ပြောနေသည်။ မတတ်နိုင်ဘူးလေ။ ခေါင်းညိတ်ပြီးမှတော့ မျက်နှာပူပူနှင့် လိုက်ရှာရုံပဲပေါ့။ သည်တော့မှ မန်္တလေးသား ကျွန်တော်မှာ အသက် ၆၀ အရွယ် တောသားကြီးလောက် မန်္တလေးဈေးချိုကို မနှံ့စပ်မှန်း သိလိုက်ရတော့၏။ အေရုံ အနောက်ဘက်မှာ ငှက်ပျောတန်း၊ မွေ့ယာတန်းရှိသည်။ သူ့အနောက်ဘက် ရွှေတချောင်း မြောင်းကို မျက်နှာပြုပြီး ဆိုင်တန်း တစ်တန်း ရှိသေးသည်။ လှည်းနွားနှင့် ပတ်သက်သည့် လယ်ယာသုံး ပစ်္စည်းတွေ အစုံအလင် ရောင်းချသည်။ နွား ကကြိုးတန်ဆာ၊ နဖားကြိုး၊ လှည်းပစ်္စည်း အမျိုးမျိုးမှစ၍ ပွဲညက်လုံးကြီးတွေအထိ ရှိသည်။ ဦးကြီးက နွားလည်ပတ်တွေ ချိတ်ဆွဲထားသည့် ဆိုင်တစ်ဆိုင်တွင် ဝင်ပြီး “ထမ်းပိုးကြီး ပြစမ်းပါ”ဟု ဆိုသည်။ ကျွန်တော်က လေး ငါး ခြောက်ပေလောက် ရှည်မည့် နွားနှစ်ကောင် ပခုံးပေါ်က လုံးပတ် လူကြီး လက်နှစ်ဖက်ကွင်းစာလောက်ရှိ ပွတ်လုံးကို ထိုးထားသော သစ်သားလုံးကြီးကို မျက်စိဝေ့ရင်း ရှာဖွေမိသည်။ ဆိုင်ရှင် အမျိုးသမီးက တစ်တောင် လောက်ရှိသော ပွတ်လုံးထိုးထားသည့် တုတ်တို လေးချောင်း ထုတ်ပေးသည်။ ကျွန်တော် မျက်မှောင်ကြုတ် သွားသည်။ မမေးရဲ….။
ဦးကြီးက ပွတ်လုံးထိုးထားသော ကြေးမှိုလေးတွေ စီခြယ်ထားသည့် တုတ်ချောင်းလေးတွေကို အပဲ့အရွှဲလေးတွေ ရွေးပြီး ဈေးဆစ်ဝယ်သည်။ ပြီတော့ မြောက်ဘက်က စံတော်သစ်ကဖေးမှာ လက်ဖက်ရည် သောက်ကြ၏။ ကျွန်တော်က“ဦးကြီးက ထမ်းပိုးကြီး ဝယ်မယ် ဆိုပြီး၊ အခုတော့” ဟု မေးတော့ ““ရဲကျော်ရ ထမ်းပိုးကြီး ဆိုတာ၊ ဒါကို ခေါ်တာကွ။ မင်းပြောတာက ထမ်းပိုးတုံးကွ” ဟု မျက်ရည် ထွက်မတတ် ရယ်ရင်း ရှင်းပြ၏။ ကျွန်တော်နှင့်ဦးကြီး တူဝရီးနှစ်ယောက်“ထမ်းပိုးကျည်း”ကို တစ်ယောက်တစ်စုံစီ ကိုင်ရင်း၊ ဦးကြီးက မြောက်ဘက်ရှိ စံတော်သစ် လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်ကို လက်ဖက်ရည်သောက်ရင်း လှည်းအစိတ်အပိုင်းတွေကို ရှင်းပြဖူး၏။ ထိုစဉ်က ကျွန်တော်နားမလည်ခဲ့။
တကယ်တော့ ကျွန်တော်က ကလေးအရွယ်သာသာမို့ ထိုစကားလုံးတွေကို နားလည်ခဲ့ခြင်း ဖြစ်သည်။ နောက်တော့ မြန်မာ့ကျေးလက် နွားလှည်းနှင့် ပတ်သက်၍ အသုံးအနှုန်းများကို လေ့လာမိသောအခါမှ ဦးကြီးပြောသော ထမ်းပိုးကြီး ဆိုသည်မှာ “ထမ်းပိုးကျည်း”ကို အသံထွက်ကြောင်း သိရ၏။ လှည်းမှာ ထမ်းပိုး၊ ထမ်းပိုးကြိုး၊ ကရနို့၊ လှည်းဦးပွတ်၊ လှည်းထောက်၊ လှည်းသန်၊ လှည်းထုပ်၊ ဆိတ်မျက်လုံး၊ လှည်းဖနောင့်(ခူသံ)၊ နန်းဖျားခွေ၊ နန်းရင်းခွေ၊ ပုံထောင်း၊ တံကူ၊ နားစောင့်(ပုရစ်)၊ ကက်ပေါင်၊ ကက်အိမ်၊ ဆောင်ပန်း၊ ဓားမချပ်၊ စည်းတုံး၊ စွယ်ရန်း၊ လက်ရုံး၊ ရံတိုင်၊ ဇင်တုံး၊ ဝင်ရိုး၊ ဝန်ကောက်၊ ဝက်စွယ်၊ ပုံလုံတိုင် ဟူသော အခြားအသုံးအနှုန်းများကိုလည်း လေ့လာမှတ်သားရသည်။
ပွဲစားတန်း ကထိန်တော် အစ
———————————–
ထိုစဉ်က စံတော်သစ် လက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင် ရွှေတချောင်းမြောင်း အကျော် မန်ကျည်းပင်တွေ အောက်မှာ လှည်းဝိုင်းရှိသည်။ လှည်းတွေကို ချွတ်ထားပြီး နွားတွေကို မန်ကျည်းပင်ကြီးတွေအောက် လှန်ထားသည်။ မန်္တလေးမှာ ရှေးကတည်းက ၁၉၈၀ ဝန်းကျင်ကာလတွေအထိ အဓိက ကုန်စည်ပို့ဆောင်ရေးတွင် လှည်းကိုပဲ အသုံးပြုကြသည်။ ရှမ်းပြည်နယ်က ဆင်းလာသော လက်ဖက်ကုန်သည်၊ သနပ်ဖက် ကုန်သည်များ၏ လှည်းတွေက ဒေးဝန်းရပ်မှာ ချွတ်ကြသတဲ့။ ထိုနေရာတစ်ဝိုက်တွင် ရှမ်းဝိုင်း ရပ်ကွက်ဟူ၍သာမက ရဟိုင်းဈေးလှည်းတန်း၊ ရုံးသာလှည်းတန်း၊ စိန်ပန်းလှည်းတန်း၊ မြောက်ပြင်လှည်းတန်းဟူ၍“လှည်း”နှင့်ပတ်သက်သည့် ရပ်ကွက်ကြီးများ တည်ရှိသည်။ ရဟိုင်းဈေး လှည်းတန်းက လှည်းနှင့်ပတ်သက်သည့် ပစ်္စည်းပစ်္စယများ ထုတ်လုပ်ရာ ရပ်ကွက်ဖြစ်သည်။ နန်တော်ရှေ့ရှိ လှည်းတန်းမှာမူ ကုန်တင်လှည်း မဟုတ်ဘဲ ထီးနန်းသုံး လှည်းယဉ်၊ လှည်းယဉ်ကြော့များ ထုတ်လုပ်သည့် အရပ်ဟု ဆိုသည်။
ကျွန်တော်နှင့် ဦးကြီးထိုင်နေကြသည့် စံတော်သစ်ကဖေးနှင့် ရွှေတချောင်းခြားပြီး ရှိနေသော လှည်းဝိုင်းကတော့ ဈေးချိုလှည်းဝိုင်း ဖြစ်သည်။ ပါတော်မူပြီနောက်ပိုင်း ဈေးချိုနှင့်အတူ ရန်ကုန်- မန်္တလေးမီးရထားလမ်း ပေါက်သွားခြင်းနှင့် ရတနာပုံခေတ် နိုင်ငံခြားသံတဲများနှင့် နီးစပ်ရာ အာဠဝီ စီလမ်း၏ ကုန်တိုက်ကြီးများ ဖွံ့ဖြိုးမှုတို့ကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေး အချက်အချာများမှာ ဈေးချိုတော်နှင့် ဘူတာကြီးကုန်ရုံ လှည်းဝိုင်း (ယခု ၇၉လမ်း၊ ၂၆လမ်းနှင့် ၂၇လမ်းကြား)တို့မှာ အထူး စည်ကားခဲ့၏။
ဈေးချိုလှည်းဝိုင်းကား ထိုစဉ်က ပွဲစားကြီးဦးလေးသန့်၏ အိမ်ရှေ့မှာရှိသည်။ ဦးလေးသန့် အိမ်ရှေ့တွင် ခန်းပေါက် ခုတင်ကြီးရှိသည်။ မနက်လင်းတာနှင့် ထိုခုတင်ကြီးတွေပေါ် ပွဲစားတွေ စုကြသည်။ လက်ဖက်ရည်ကြမ်း သောက်ရင်း နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးကိစ်္စတွေ ဆွေနွေးကြသည်။ ထိုစဉ်က ယိုးယွင်းအားနည်းနေသော “မန်္တလေး သာသနာ”ကို အဓိက ချီးမြှောက်နေသည့် မလွန်ဈေး ဆန်လှူအသင်းကြီးနှင့် ပရိယတ်္တိ သာသနဟိတ အသင်းကြီးများကို ပွဲစားကုန်သည်၊ စက်ပိုင်များက အားကျ ဂုဏ်ယူနေကြသည်။ (၁၂၅၈)၊ ၁၈၉၆-ခုနှစ်တွင် မလွန်ဈေး ဆန်လှူအသင်းကြီးနှင့် (၁၂၆၀)ပြည့်၊ ၁၈၉၈ ခုနှစ်တွင် ပရိယတ်္တိ သာသနဟိတ အသင်းကြီးတို့ကို တည်ထောင်ခဲ့သည်။) ထိုစိတ်ဓာတ်ဖြင့် ဈေးချိုအနောက်ဘက် ပွဲစားတန်း ဦလေးသန့်အိမ်တွင် စုဝေးလေ့ရှိသည့် ပွဲစား ကုန်သည် စက်ပိုင်များ ကလည်း ၁၂၉၇ ခု(၁၉၃၅)က စပြီး ပွဲစားကုန်သည်များအသင်းကြီးကို စတင် ဖွဲ့စည်းကြကာ နှစ်စဉ် တန်ဆောင်မုန်းလ ရောက်တိုင်း ကထိန်တော်ကို ခမ်းနားစွာ ခင်းကျင်း လှူဒါန်းခဲ့ကြသည်။
မူလဖွဲ့စည်းက “ပွဲစားကုန်သည်များအသင်း”နောက် ၁၃၂၆ ခု (၁၉၆၅)တွင် “ပွဲစား ကုန်သည်များ၏ ကထိန်တော်အသင်း”၊ ထို့နောက် ၁၃၄၈ ခု (၁၉၈၇)တွင် “ပွဲစား ကုန်သည်၊ စက်ပိုင်များ၏ ကထိန်တော်အသင်း”ဟူ၍ ထပ်မံ ပြောင်းလဲခဲ့ကြသည်။ ယခုထက်တိုင် မလွန်ဈေး ဆန်လှူအသင်းကြီး၊ ပရိယတ်္တိ သာသနဟိတ အသင်းကြီးတို့နှင့် အလားတူ ဂုဏ်သရေရှိစွာ ခိုင်မာတည်တံ့နေသည့် “ပွဲစားကုန်သည်၊ စက်ပိုင်များ၏ ကထိန်တော်အသင်းကြီး” ဖြစ်ပါ၏။
ရွှေဧည့်သည် ငွေဧည့်သည်
————————————
နောက်ထပ် လာတတ်သည့် ဧည့်သည်ကတော့ မုံရွာက အစ်မအကြီးဆုံး မမခင်ရီဖြစ်သည်။ မမတို့က မုံရွာ ဈေးသစ် ဘုန်းကြီးလမ်းမှာ ရွှေဆိုင်နှင့် ပန်းထိမ်ဖို ဖွင့်ထာသည်။ မမခင်ပွန်း ဦးလှဘော်က ငယ်စဉ်ကတည်းက ပန်းထိမ်ဆရာ ရွှေကုန်သည် ဖြစ်သည်။ သည်တော့ မန္တလေးသို့ တစ်လတစ်ခေါက် အနည်းဆုံး လာကာ ရွှေဝယ် ရွှေရောင်း ရွှေထည်ပစ္စည်း အပ်ရန် လာကြရသည်။ ဦးလှဘော်ကတော့ အခေါက်ရေ အများဆုံး လာသော်လည်း မမကတော့ တစ်လလျှင် တစ်ခေါက်လောက် ရောက်အောင် လာလေ့ရှိသည်။ မမက တစ်ပတ်တစ်ခေါက် လာပြီး ပစ်္စည်းရွေး ပစ်္စည်းအပ်၊ ပစ်္စည်းဝယ် ပြုလုပ်လျှင် ကျွန်တော်ကို အဖော်ခေါ်သည်။
ထို့ကြောင့် အီးရုံခေါ် ရွှေဆိုင်တန်းထဲကိုတော့ တစ်လ တစ်ခေါက်လောက် ရောက်ဖြစ်သည်။ ရွှေဆိုင်တန်းထဲ လိုက်ချင်သား။ ရွှေဆိုင်တန်းသူတွေကို အခုလို တန်းတူ ဆက်ဆံနိုင်မဲ့ အခွင့်အရေး ရရှိဖို့ ဆိုတာ လွယ်တာမှမဟုတ်တာ။ မမ၏ စိန်နားကပ် အရောင်နှင့် ကျွန်တော်ပါး ပြောင်နိုင်သည်။ တစ်ခုပဲ စိတ်ညစ်တာ။ ပစ်္စည်းရောင်း၊ ပစ်္စည်းဝယ်ဖို့ ငွေချေပြီဆိုလျှင် မမက ကျွန်တော်ကိုလည်း ပိုက်ဆံ ရေခိုင်းသည်။ တစ်ရာကိုပင် မကိုင်ဖူးသော ကျွန်တော်မှာ ငွေ သောင်းဂဏန်း၊ သိန်းဂဏန်း ပိုက်ဆံအုပ်တွေကို ကျင်လည်စွာ မရေတွက်တတ်။ (အခုလည်းမရေတွက်တတ်)။ မမတို့ကတော့ လက်တစ်ဖက်တည်းနဲ့ပင် လက်ညှိုးလက်မ အသုံးပြုပြီး ကျင်လည်စွာ ရေတွက်သည်။ မြန်ဆန်သလို အမှားကင်းပြီး တိကျသည်။ ကျွန်တော့် မှာတော့ဖြင့် လက်နှစ်ဖက်စလုံး အသုံးပြုကာ လက်မှာရော တစ်ကိုယ်လုံးမှာ ချွေးတွေပြန်။ ပါးစပ်ထဲက တံတွေးတွေလည်းကုန်။ ခဏခဏလည်းမှား။ ဘေးဘီလည်း မကြည့်ရဲ။ ရွှေဆိုင်တန်းသူလေးတွေ အဖို့ ကျွန်တော် ပိုက်ဆံရေတာပဲ ကြည့်ကာ အတွင်းသိ အစင်းသိဖြစ်ပြီး နှာခေါင်းရှုံ့ကြမှာပေါ့။ အလကားကပ်ပါး ဟူ၍။
ထို့ကြောင့် ရွှေဆိုင်တန်းလိုက်ရတာ ပျော်စရာလည်း ကောင်းသလို ထိုပျော်စရာနှင့် မကာမိအောင်လည်း စိတ်ညစ်ရ၏။ မမက ဈေးချိုရောက်လျှင် ရွှေဈေးအဖွင့် ကိုလည်း စောင့်သည်။ ဒါမှ သူ့အရောင်းအဝယ်များက ဈေးပြတ်မှာကိုး။ ရွှေဈေးက ညနေမှဖွင့်သည်။ ရွှေဈေးအဖွင့်ကို စောင့်ရတာလည်း ပျော်စရာ ကောင်းသည်။ ဘာမှ လုပ်စရာလည်း မလို။ ခုံမှာ ထိုင်နေရုံပဲ။ ဈေးဝယ်တွေ ငေးရုံပဲ။ ရွှေဈေးအဖွင့်ကိုတော့ မြောက်မလွယ်ပေါက်က ဦးခွန်ကြည် ရွှေဆိုင်က ထိုင်စောင့်ရသည်။ မုန့်လည်း မျိုးစုံအောင် စားရ၏။ ရွှေရင်အေး၊ ပဲလမုန့်၊ ဝက်စာဥကြော်၊ နနွင်းမကင်း၊ ခနုံထုပ်။
တစ်ခါတစ်ရံ အစ်မက ရွှေဈေးအဖွင့်ကို စောင့်ရင်း မြောက်မလွယ် မြီးရှည်ကျွေးသည်။ တစ်ခါတစ်ရံ ထိုးမုန့်တန်းဘက် ခေါ်သွားပြီး ထိုးမုန့်တွေ တနင့်တပိုး ဝယ်သည်။ ထိုးမုန့်ဆိုင်က ချကျွေးသော အမြည်းတွေက အစိတ်သားလောက် ရှိမည်။ မမက အမြည်းပေးသော ထိုးမုန့်တွေကို တို့ကာ ပင့်ကာ စားသော်လည်း ကျွန်တော်ကတော့ ထိုးမုန့်ပန်းကန်ဆီ ကျောက်ချနေသော လက်ကို တော်တော်နှင့် မနှုတ်ဖြစ်။
ဆူးငှက်
×××××××××××××××
