ဒူဘိုင်းလေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး

ဒူဘိုင်း ၊ နိုဝင်ဘာ-၂၂-၂၀၂၅
ရတီ(VOM)
ဒူဘိုင်းမှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစင်း သရုပ်ပြပျံသန်းစဉ် ပျက်ကျပြီးနောက် လေယာဉ်မှူး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေတပ်က ထုတ်ပြန်ချက်မှာဆိုပါတယ်။ မတော်တဆမှု အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
AP သတင်းဌာနရဲ့ အဆိုအရ Hindustan Aeronautics Ltds ရဲ့ Tejas ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ Dubai Airshow 2025 မှာ ကုမ္ပဏီ ၁၅၀၀ ပါဝင်ခဲ့ပြီး တက်ရောက်သူနဲ့ ပြသသူ တသိန်းလေးသောင်းကျော် ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ လေယာဉ်မှူးဟာ အသက် ၃၇ နှစ်အရွယ် Namansh Syal ဆိုသူ ဖြစ်တယ်လို့ အိန္ဒိယလေတပ်က ထုတ်ပြန်ပါတယ်။ လေယာဉ်ဟာ ပရိတ်သတ်အရှေ့မှာ ပျံသန်းနေစဉ် ဦးဆိုက်ကျသွားပြီးနောက် ပြေးလမ်းအနီးမှာ ပျက်ကျမီးလောင်ခဲ့တာဖြစ်ပါတယ်။
မီးသတ်နဲ့ အရေးပေါ်ဌာနက ဖြစ်စဉ်ကို အလျင်အမြန်တုံ့ပြန်ခဲ့ပေမယ့် ကံမကောင်းစွာပင် လေယာဉ်မှူးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပျက်အစီးနဲ့ အခင်းဖြစ်ရာနေရာကို ရှင်းလင်းပြီးနောက် နှစ်နာရီမပြည့်ခင်မှာ လေကြောင်း ပြပွဲကို ပြန်လည်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံပိုင် Hindustan Aeronautics Limited မှ တည်ဆောက်ခဲ့တဲ့ Tejas ဂျက်လေယာဉ်အမျိုးအစားဟာ အထူးသဖြင့် တရုတ်နဲ့ အိမ်နီးချင်းပါကစ္စတန်တို့က လေကြောင်းစွမ်းရည်တိုးမြှင့်နေချိန်မှာ အိန္ဒိယလေတပ်ကို ခေတ်မီအောင်ပြုလုပ်ဖို့ ကြိုးပမ်းမှုမှာ အဓိကလေယာဉ်အမျိုးအစားတခုလည်း ဖြစ်ပါတယ်။
Ref:Time of India

Related posts

Leave a Comment

VOM News

FREE
VIEW