ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေ

ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေ
ဒီဇင်ဘာ ၂၈ – ၂ဝ၂၅
Voice of Myanmar
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့ပြီး ညနေ ၅ နာရီ မဲရုံပိတ်ချိန်မှာတော့ ပြည်သူတွေပေးခဲ့ကြတဲ့ ဆန္ဒမဲတွေကို မဲရုံတာဝန်ရှိသူတွေက ရေတွက်ကြရာမှာတော့ ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်တဲ့ ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ သိရသလောက်က ပြည်ခိုင်ဖြိုး ပါတီကတော့ မဲအရေအတွက်အများဆုံးလို့ သိရတယ်။ ကမာရွတ် မဲရုံ ၂ ခုမှာတော့ တစည (တိုင်းရင်းသား)စည်းလုံးညီညွတ်ရေးပါတီက မဲအတော်လေးရထားတယ်လို့ သိရတယ်။ အခုညပိုင်းအချိန်အထိ သိရသလောက်က ကျောက်တံတားထဲမှာဆိုရင် မဲရုံ ၂ ရုံပဲ ရေလို့ပြီးသေးတယ်ပြောတယ်။ ကျန်တဲ့ မဲရုံတွေရဲ့ ရလဒ်တွေကိုတော့ သူတို့ရေတွက်ပြီးတာနဲ့ မနက်ဖြန်မှာထုတ်ပြန်ပေးမယ်ထင်ပါတယ်”လို့ နိုင်ငံရေးပါတီတခုရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်က VOM ကို ပြောပါတယ်။
ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းက မဲဆန္ဒနယ်မဲရုံတွေမှာတော့ပြည်ခိုင်ဖြိုး နဲ့ တစည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)က မဲအရေအတွက်အားသာနေတယ်လို့ သိရပြီး ကျန်ရှိတဲ့ ပါတီတွေကတော့ မဲရရှိမှုအ‌ရေအတွက်နည်းပါးတယ်လို့ သိရပါတယ်။
“အားလုံးရေတွက်ပြီးရင်တော့ သူတို့တိတိကျကျထုတ်ပြန်ပါလိမ့်မယ်။ကျောက်တံတားမှာက အားလုံးမဲရုံ ၉ ရုံ ရှိပါတယ်။ကမာရွတ်မှာ မဲရုံအားလုံးဆိုရင် ၅၂ ရုံရှိပါတယ်”လို့ သူက ဆက်ပြီး ပြောပြပါတယ်။
ဒီကနေ့မှာတော့ ရွေးကောက်ပွဲအပိုင်း – ၁ ကို မြို့နယ်(၁၀၂) မြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း – ၂ကိုတော့ လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်မှာ မြို့ နယ် (၁၀၀) မှာဆက်လက် ကျင်းပသွားမှာဖြစ်ပြီး‌ ရွေးကောက်ပွဲအပိုင်း – ၃ ကိုလည်း ဇန်နဝါရီ လ ၂၅ ရက်‌နေ့မှာ မြို့နယ်ပေါင်း(၆၃) မြို့နယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ထားပါတယ်။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW