ခင်ဦးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရလို့ ကိုးယောက် သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ

ခင်ဦးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရလို့ ကိုးယောက် သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ
ဒီဇင်ဘာ ၂၈ ၊ ၂၀၂၅
SS + GG (VOM)
မြစ်ကြီးနား – မန္တလေး ဗျူဟာ ကားလမ်းမပေါ်ရှိ ခင်ဦးမြို့နယ်၊ မြေနီသျှိုရွာအနီးမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကိုး​ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်က လေကြောင်း တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ဒဏ်ရာရမှုအပြင် ကား ကိုးစီးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“ပျက်စီးသွားတဲ့အထဲ ကုန်ကားတွေ၊ ဆီဘောက်ဆာတွေ၊ ကားသေးတွေလည်းပါတယ် သိရတယ်။ အဲဒီ မြေနီသျှိုနားက အခြေအနေ အတော်ဆိုးနေတာ။ အဲဒီနေရာက ထမင်းဆိုင်တွေလည်း ရှိတယ်။ ကားတွေ နားလေ့ရှိတဲ့ နေရာလည်း ဖြစ်တယ်။ အခုကတော့ လမ်းပိတ်လို့ အဲဒီနား ပိတ်မိနေကြတာ” လို့ ကားသမားတယောက်က ပြောပါတယ်။
ခင်ဦး – ကန့်ဘလူနယ်စပ်က လမ်းကြောင်းတွေကို ဖြတ်သန်းသွားလာခွင့်ကို အစိုးရတပ်က ပိတ်ပင်ထားတာကြောင့် ခရီးသွားယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေ စုပြုံရပ်နားနေချိန် အခုလို တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဗျူဟာလမ်းကို အစိုးရတပ်က ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက ပိတ်ထားတာ။ ခုဆို တလနီးပါးလောက်ရှိပြီပေါ့။ ဒါကြောင့် အထက်ဘက်ကို တက်မယ့်ကားတွေ ဒီလမ်းဆုံမှာ ပိတ်မိနေခဲ့တာ။ ဒီနေရာမှာ ထမင်းဆိုင်တွေနဲ့ Star Link ဆိုင်တွေလည်းရှိတော့ လူစုလူဝေး အမြဲရှိနေတတ်တယ်။ ဒီနေရာနဲ့ မနီးမဝေးလောက်မှာပဲ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကလည်းတခါ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့သေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ လေကြောင်းတိုက်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ ဒီဇင်ဘာ ၂၇ ရက်က သတင်းထုတ်ပြန်ထားပေမယ့် အစိုးရတပ် ပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ခင်ဦးမြို့နယ် မြေနီသျှို လမ်းဆုံအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ခြောက်ယောက် သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့တဲ့အပြင် ကားတချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ခင်ဦးမြို့နယ် အရှေ့တောင်ခြမ်း၊ ဧရာဝတီ မြစ်ကူးဆိပ်ကမ်းနှစ်ခုမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ်လ ၂၃ ရက်နေ့ကလည်း မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ် ရှိ ကျီကျင်းရွာနားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW