ချောင်းဆုံမှာ ပြည်သူနဲ့ အမျိုးသားလွှတ်တော်နေရာ ပြည်ခိုင်ဖြိုးရှုံးနိမ့်၊ တိုင်းဒေသကြီနဲ့ ပြည်နယ်အများစု အနိုင်ရထားတယ်လို့ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူပြော
ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅
GG (VOM)
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဝင်ရောက် ယှဥ်ပြိုင်တဲ့ ချောင်းဆုံမြို့နယ် မဲဆန္ဒ နယ်မှာ ညတုန်းက မဲရေတွက်ပြီး ရလဒ်အခြေအနေရ မဲအသာစီးနဲ့ မွန်ညီညွတ်ရေးပါတီ MUP က လွှတ်တော်နေရာ သုံးရပ်လုံးကို အနိုင်ရရှိထားပေမယ့် ဒီနေ့မနက်ပိုင်း မဲအားလုံး ရေတွက်ပြီးစီးချိန်မှာတော့ လွှတ်တော်နေရာ နှစ်ရပ်ကိုသာ အနိုင်ရခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် နေရာကိုတော့ ဝန်ကြီးချုပ်ဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က အနိုင် ရရှိသွားတယ် လို့သိရပါတယ် ။
” ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ပဲ နိုင်တယ်။ ညကတော့ အကုန်လုံးကို ကျွန်တော်တို့ ဘက်ကနိုင်တယ် သိရတယ်။ ညတုန်းက မဲရေတဲ့ အခြေအနေရ ရလဒ်အရ နိုင်တယ်သိရတာပေါ့။ မနက်မိုးလင်း ကျတော့ နည်းနည်းတော့ ကပ်ရှုံးတယ်တဲ့ ။ကြိုတင်မဲလည်းရှိတယ်။ကြိုတင်မဲနဲ့ပေါင်းလို့ နိုင်တာမျိုးလည်း ဖြစ်နိုင်တယ် ။ ကျန်တဲ့ မြို့နယ်တွေကတော့ အခြေအနေ သိပ်ကောင်းမယ့် ပုံမပေါ်ဘူး။ ” လို့ မွန်ညီညွတ်ရေးပါတီ ရဲ့ ပြောရေးဆို ခွင့်ရှိသူ နိုင်သန်းရွှေက ပြောပါတယ်။
ဒါကြောင့် USDP ပါတီက မွန်ပြည်နယ်ထဲက ချောင်းဆုံမြို့နယ် အပါအဝင် ကျန်တဲ့ မြို့နယ်တွေမှာလည်း USDP က အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ မြိတ်မှာတော့ ပြည်သူ့ပါတီက အနိုင်ရထာတဲ့ မဲဆန္ဒတွေရှိပေမယ့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းက ကန့်ကွက်တိုင်ကြားထားတယ်လို့ သိရပါတယ်။
လက်ရှိ သိရှိရတဲ့ မဲစာရင်း ရလဒ်အရ အပိုင်း ၁ မှာ ကျင်းပခဲ့တဲ့ ရွေး ကောက်ပွဲ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ထဲမှာ USDP ပါတီက နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ကချင် ၊ ကယား ပြည်နယ် တို့ရှိ မြို့နယ်ပေါင်း ၄၉ မြို့နယ်မှာ အနိုင်ရရှိထားကြောင်း ကနဦးသိရပါတယ်။
” တချို့က မဲရလဒ်မရောက်လာသေးဘူး ။ ကချင်ဆို အကုန်လုံးနီးပါးနိုင်တယ်သိရတယ် ။ အချက်အလက်က သိပ်မစုံသေးတော့ သတင်းထုတ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး ။ မန္တလေး အကုန်နိုင်တယ်။ရန်ကုန်လည်း နိုင်တယ်။နေပြည်တော် နိုင်တယ် ။တော်တော် များများနိုင်တယ် ။ ” လို့ USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကပြောပါတယ်။
အပိုင်း ၁ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပြုလုပ်ကျင်းပ ခဲ့တာဖြစ်ပြီး နေရာအများစုမှာ USDP ပါတီက မဲအနိုင်ရရှိထားတဲ့ အခြေအနေ ရှိနေတယ်လို့ ကိုယ်စားလှယ် လောင်းတွေဆီက သိရ ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ မဲစာရင်း ရလဒ်တွေ ထုတ်ပြန်ကြေငြာ ခြင်းမရှိသေးပါဘူး။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၅ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၇ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အပိုင်း ၂ ရွေးကောက်ပွဲကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ မြို့နယ်ပေါင်း ၁၀၀ မှာ ထပ်မံ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
