ဒီဇင်ဘာ ၂၇ – ၂၀၂၅
SS (VOM)
အခု ဒီဇင်ဘာလအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ ငလျင်ငယ်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မြေငလျင်ဌာနခွဲ) နဲ့ မြေငလျင် ပညာရှင်တွေဆီက ရရှိတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။
လတ်တလော ငလျင်လှုပ်ခတ်မှုတွေဟာ မနေ့ ဒီဇင်ဘာ ၂၆ ရက် တရက်တည်းမှာတင် လေးကြိမ်အထိ ရှိခဲ့တာကို တွေ့ရပြီး မနက် ၉ နာရီ ၃၁ မိနစ်ဝန်းကျင်မှ စတင်ကာ မန္တလေးမြို့ အရှေ့ – အရှေ့မြောက်ဘက် ၂၃ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ အဆင့် အင်အားရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဒီဇင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ တမူးအနီးကို ဗဟိုပြုကာ မဂ္ဂနီကျု ၃ ဒသမ ၅ အဆင့် ငလျင်ငယ် လှုပ်ခတ်ခဲ့သလို ည ၈ နာရီ ၃ မိနစ်ဝန်းကျင်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့ (အရှေ့မြောက်ဘက်ပိုင်း) ၂၅ မိုင်ကျော်အကွာ၊ စစ်ကိုင်းတိုင်း (တောင်ပိုင်း) အလောင်းတော်ပဿပ ဥယျာဉ်အတွင်း မြေအောက်အနက် ၁၀၅ မိုင်မှ မဂ္ဂနီကျု ၃ ဒသမ ၂ အဆင့်ငလျင်ငယ် လှုပ်ရှားသွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ည ၈ နာရီ ၄၅ မှာပဲ မြန်မာနိုင်ငံ တောင်ပိုင်းကမ်းလွန်၊ ရန်ကုန်မြို့မှ တောင်ဘက် ၄၅ မိုင်ဝန်းကျင်၊ ဖျာပုံအရှေ့တောင်ဘက် ၃၈ မိုင်ခန့်အကွာက ပင်လယ်ကြမ်းပြင်အောက် ၆ မိုင်ကနေ မဂ္ဂနီကျု ၃ ဒသမ ၅ အဆင့် ငလျင်ငယ် ထပ်မံ လှုပ်ရှားသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ မန္တလေးတိုင်းအတွင်းက မန္တလေး၊ မိုးကုတ်နဲ့ စဉ့်ကိုင်မြို့၊ ပဲခူးတိုင်း ရေတာရှည်မြို့၊ စစ်ကိုင်းတိုင်း မင်းကင်းနဲ့ တမူးမြို့၊ မကွေးတိုင်း ဂန့်ဂေါမြို့၊ ဧရာဝတီတိုင်း ဖျာပုံမြို့၊ ရှမ်းပြည်နယ် မိုင်းခတ်မြို့၊ ကချင်ပြည်နယ် တနိုင်းမြို့တို့မှာ အင်အား ရစ်ခ်တာစကေး ၃ ဒသမ ၂ ကနေ ၄ ဒသမ ၉ အဆင့်အထိရှိတဲ့ ငလျင်ငယ်တွေ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“လတ်တလော ငလျင်ငယ်လေးတွေ မကြာခဏလှုပ်နေတဲ့ အဓိက အကြောင်းရင်းထဲက တချို့ကတော့ မဂ္ဂနီကျု ၇ ဒသမ ၇ မြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ကွဲအက်သွားတဲ့ မြေမျက်နှာပြင်တွေ (Tectonic plates) တွန်းတိုက်မိတာ (ဒါမှမဟုတ်) တခုအောက်ကိုတခု တိုးလျှိုး ဝင်ရောက်နေတာကြောင့် ဖြစ်ပါတယ်။ Plate တွေကြား ဖိအားစုစည်းနေပြီး တခါတရံ လွတ်ထွက်သွားတာကစလို့ အခုလို ငလျင်ငယ်ကို ဖြစ်စေပါတယ်” လို့ မြေငလျင်သတင်းများ စင်တာမှ သုတေသန ပညာရှင်တယောက်က ပြောပါတယ်။
မြေငလျင်ကြီးတခုရဲ့ အကျိုးဆက်အနေနဲ့ မြေထုဖိအား ပြောင်းလဲသွားတာကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောင်း ဖြတ်သန်းသွားတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ နေပြည်တော်အထိ ငလျင်ငယ်တချို့ ဆက်လက် သက်ရောက်နိုင်တယ်လို့ သူက ပြောပါတယ်။
“ဒါက ပုံမှန် သဘာဝဖြစ်စဉ် တခုအဖြစ် ယူဆလို့ရပေမယ့်လည်း တခြားရှုထောင့်က ကြည့်ရင် အားပြင်း ငလျင်တခုရဲ့ ရှေ့ပြေးငလျင်ငယ်တွေလို့လည်း ကောက်ချက်ချလို့ ရပါတယ်” လို့ သူက ပြောပါတယ်။
ငလျင်ငယ်တွေဟာ မဂ္ဂနီကျု ၃ ကနေ ၄ အောက် ဖြစ်ပါက အန္တရာယ် ကြီးကြီးမားမား မရှိပေမယ့်လည်း ကြိမ်နှုန်း များလာရင်တော့ သတိထားဖို့ လိုတယ်လို့ သူက ပြောပါတယ်။
“လက်ရှိ အခြေအနေအရတော့ အကြီးစားငလျင် ထပ်လာမယ်လို့ သေချာ မပြောနိုင်သေးပေမယ့် အင်အားပမာဏ ၆ ဒသမ ၀ ဝန်းကျင်ငလျင် မြန်မာပြည်တွင်းမှာ မလှုပ်ရှားခဲ့တာဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နောက်ပိုင်းကတည်းကဖြစ်လို့ အင်အား ၆ ဒသမ ၀ ဝန်းကျင် ဖြစ်လာနိုင်ခြေ ရာခိုင်နှုန်း များလာပြီလို့ သုံးသပ်ရပါတယ်” လို့ သူက ပြောပါတယ်။
အခု ဒီဇင်ဘာလအတွင်း ငလျင်ငယ်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်လျက်ရှိတာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်က ပဲခူးတိုင်း၊ ရေတာရှည်မြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့သလို ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့အနီး၊ မြေအောက်အနက် ၃၅ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့သလို ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း မန္တလေးမြို့ မြောက်ဘက် ၆၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၀ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဒီဇင်ဘာ၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့သလို စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီးမှာလည်း မြေအောက်အနက် ၁၀၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
