ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးပြီ

ဘန်ကောက် ၊ ဒီဇင်ဘာ-၂၇-၂၀၂၅
ရတီ (VOM)
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
အပစ်အခတ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် မွန်းတည့် ချိန်ကစပြီး အသက်ဝင်မယ်လို့ ဆိုပါတယ်။ သဘောတူညီချက်ဟာ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား သုံးရက်ကြာ ဆွေးနွေးမှုတွေ အပြီးမှာ ထွက်ပေါ်လာတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဒီဇင်ဘာလမှာရရှိခဲပတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပတ်ကစပြီး နှစ်နိုင်ငံအကြား တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အနည်းဆုံး လူ ၉၈ ယောက်သေဆုံးပြီး လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လ အပစ်အခတ်ရပ်စဲရေး ပျက်ပြားစေခဲ့တဲ့ လုပ်ဆောင်ချက်တွေအတွက် အပြန်အလှန် စွပ်စွဲခဲ့ကြပြီး အောက်တိုဘာလမှာတော့ နယ်စပ်ပဋိပက္ခကို ဖြေရှင်းဖို့ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ ထားရှိခဲ့ပါတယ်။
အိမ်နီးချင်းနှစ်နိုင်ငံဟာ ၈၁၇ ကီလိုမီတာရှည်လျားတဲ့ နယ်စပ်ဒေသတွေမှာ ကာလရှည်ကြာ အငြင်းပွားနေကြပြီး နောက်ဆုံးတိုက်ပွဲတွေဟာ လာအိုအနီးရှိ သစ်တောထူထပ်သော ကုန်းတွင်းဒေသတွေကနေ ကမ်းရိုးတန်းပြည်နယ်တွေအထိ ကျယ်ပြန့်ခဲ့ပါတယ်။
ဒီသဘောတူညီချက်မရရှိမီ ထိုင်းစစ်တပ်ဟာ မနေ့ကအထိ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်ခဲ့ပြီး ချော့ချေရွာဒေသမှာ F-16 တိုက်လေယာဉ်တွေ စေလွှတ်ပြီး ဗုံး ၄၀ အထိ ကြဲချခဲ့တယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ကြပါတယ်။
ကမ္ဘောဒီးယားစစ်တပ်ကလည်း ထိုင်းဘက်မှာရှိတဲ့ ဆာကေးပြည်နယ် နယ်စပ်တလျှောက်မှာ ပြီးခဲ့တဲ့ည‌က ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အိမ်အတော်များများ ပျက်စီးခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:Refuters
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW