ပြည်သူ့ရှေ့ဆောင်ပါတီရုံး ပေါက်ကွဲမှု သတင်းအမှားသာ ဖြစ်တယ်လို့ ပါတီဒုဥက္ကဋ္ဌ ပြော

ဒီဇင်ဘာ ၂၆ – ၂၀၂၅
SS (VOM)
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရုံးမှာ မနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်တယ် ဆိုတာဟာ သတင်းအမှားသာ ဖြစ်တယ်လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ပြောပါတယ်။
“မဟုတ်ပါဘူး၊ သတင်းအမှားပါ။ အဲဒီပါတီရုံးက လူတွေတောင် ဘာမှ မပြောပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာတော့ အကုန်လုံးက ပေါက်ကရ ပြောနေကြတာပဲ။ ကျွန်တော်တို့က ဟုတ်ရင် ဟုတ်တယ် ပြောမှာပါ။ အခုဟာက ဟုတ်မှမဟုတ်တာ။ သူတို့ဘက်က ဒီလို ထုတ်ပြန်ထားတဲ့ အပေါ်မှာလည်း ဘာမှ မှတ်ချက်မပြုချင်ပါဘူး။ ကျွန်တော်တို့က ဘာမှ အဲဒါတွေ ဂရုမစိုက်တော့ဘူး။ ဒါက သူ့အလုပ်သူလုပ်တာပဲ။ ကျွန်တော်တို့လည်း ကျွန်တော်တို့အလုပ် လုပ်ကြရမှာပဲ” လို့ ပြောပါတယ်။
ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ မြို့နယ်ရုံးကို ပြင်းအားမြင့် မိုင်း နှစ်လုံး၊ လက်ပစ်ဗုံး တလုံးတို့နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မှော်ဘီမြို့မှာ နေထိုင်သူ တယောက်ကလည်း “ညက ဘာသံမှ မကြားမိပါဘူး။ မနက်ကလည်း အဲဒီသတင်း မကြားဘူး။ ကြိုတင်မဲတွေတောင် လိုက်ကောက်နေပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာက ဝေးဝေး၊ နီးနီး ပြင်းအားမြင့်ဆို ကြားမှာပဲ။ အဲဒီအချိန် အိပ်မှမအိပ်သေးတာ။ ညကတော့ ဘာသံမှ မကြားဘူး” လို့ ပြောပါတယ်။
အဲဒီလိုပဲ မြို့ခံတချို့ကလည်း ပေါက်ကွဲသံ မကြားမိဘူးလို့ ပြောဆိုကြပြီး ဒီသတင်း ဟုတ်မှန်မှု ရှိ၊ မရှိနဲ့ပတ်သက်လို့ VOM က မှော်ဘီရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
Yangon Army ရဲ့ ထုတ်ပြန်ချက်မှာတော့ PPP ပါတီဝင်တွေနဲ့ ပျူစောထီးတွေ အဲဒီ ပါတီရုံးမှာ သောက်စားမူးရူးနေစဉ် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပြီး တရားမဝင် ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ နေရာတွေ၊ ပါဝင်လုပ်ကိုင်နေကြသူတွေ၊ ပတ်သက်ဆက်နွယ်နေတဲ့ နေရာတွေကို ပစ်မှတ်ထားကာ ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် The Blood Line အဖွဲ့ကလည်း အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ညနေ ၆ နာရီဝန်းကျင်က လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး အနီးမှာ မိုင်းခွဲ သတိပေး တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ ရုံးအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီ ဖောက်ခွဲ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ (SRDF)၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ Unknow YGN UG တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ကာ ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ပါတီရုံး ဖောက်ခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူ နှစ်ယောက်ကို ဖမ်းဆီးရမိထားပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၂၅ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ပြစ်မှု ကျူးလွန်သူတွေအနက် တောင်ဒဂုံမြို့နယ်၊ (၁၀၅) ရပ်ကွက်၊ စွယ်တော်လမ်းမှာ နေထိုင်တဲ့ ကြည်ကြည်ရွှေ (၃၇ နှစ်) နဲ့ သားဖြစ်သူ မောင်လင်းလတ်ဟိန်းတို့ နှစ်ယောက်ကို သက်သေခံ ပစ္စည်းတွေနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က နေအိမ်မှာပင် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုံစမ်း ဖော်ထုတ်ချက်အရ ကျူးလွန်ရန် ခိုင်းစေသူ နှစ်ယောက် ကျန်ရှိနေသေးတယ်လို့ သိရပြီး လွတ်မြောက်နေသူတွေကို ဆက်လက် ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကာ ပူးပေါင်း ပါဝင်သူတွေကိုလည်း ထိရောက်စွာ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း မှော်ဘီမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လက်လုပ်မိုင်း‌တွေ၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ မြို့ပြကြွက်အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW