ဒီဇင်ဘာ ၂၇ – ၂၀၂၅
SN (VOM)
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ စစ်ရေး ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို တပတ်အကြာမှာ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အဖွဲ့က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင်နေတဲ့အတွက် လက်ရှိအချိန်အထိ အဲဒီမြို့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“SNA နဲ့ အစိုးရ ပူးပေါင်းတပ်က အင်အား ပြန်ဖြည့်ပြီး ဗန်းမောက်ကို ထိုးစစ်ဆင်နေတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က မြို့ရဲ့ အနောက်ဘက် ၁ မိုင်အကွာလောက်က နတလကုန်း (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကျောင်း) ကို ပြန်ရသွားတယ်။ အဲဒီကနေတဆင့် ဗန်းမောက်မြို့ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ဗန်းမောက်မြို့ အနီးဝန်းကျင်မှာရှိတဲ့ နားယကာရွာ၊ လွှစင်ကုန်းရပ်ကွက်နဲ့ နတလကုန်း အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မနေ့ ဒီဇင်ဘာ ၂၆ ရက်၊ မနက် ၅ နာရီခွဲ ဝန်းကျင်ကလည်း ဗန်းမောက်မြို့မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ဆေးရုံဝန်ထမ်းအိမ်ရာနဲ့ မြို့မဈေး ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုက နှစ်ကြိမ်ဖြစ်သွားတာ။ မနက် ၅ နာရီခွဲလောက်က တကြိမ်၊ မနက် ၁၀ နာရီလောက်မှာ တကြိမ်ဖြစ်တယ်။ ဈေးနဲ့ အနီးအနားက ဆိုင်ခန်းတွေ အကုန်လုံးနီးပါး ပါသွားတယ်။ အဲဒီဈေးနဲ့ ကပ်ရပ်က ဝန်ထမ်းအိမ်ရာလည်း ပျက်စီးတယ်။ လူထိခိုက်တာတော့ မရှိဘူး။ တိုက်ပွဲတွေ မငြိမ်သေးတဲ့အတွက် စစ်ရှောင်တွေ မြို့ထဲ ပြန်မဝင်ကြသေးဘူး” လို့ သူက ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ကို ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက ရုပ်သံဖိုင်နဲ့တကွ အသိပေး ထုတ်ပြန်ထားပြီး အစိုးရတပ်ဘက်ကတော့ ဗန်းမော်မြို့ရဲ့ လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒါအပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေကလည်း ဗန်းမောက်မြို့ နားပင်ရွာနဲ့ မြို့အနောက်ဘက်ရှိ ကျေးရွာတချို့မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ဘုန်းကြီးကျောင်း တကျောင်းပျက်စီးခဲ့ပြီး ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ SNA ဟာ အစိုးရတပ်နဲ့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသတွေဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော်နဲ့ ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးနဲ့ ဖားကန့် ဆယ်ဇင်းဒေသတို့မှာ စစ်ဆင်ရေးတွေ ပြုလုပ်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၆၀ ခန့်အကွာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက သိမ်းပိုင်ထားသလို ဗန်းမောက်မြို့ အရှေ့ဘက် ၂၈ မိုင်အကွာမှာရှိတဲ့ အင်းတော်မြို့ကိုလည်း အခု ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ပင်လည်ဘူးနဲ့ အင်းတော်အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ မော်လူး၊ ခမ်းပတ်၊ မြို့သစ်နဲ့ ရွှေပြည်အေး အစရှိတဲ့ မြို့တွေကိုလည်း လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
Photo – CJ
