ရွေးကောက်ပွဲ မစတင်မီ မြို့ လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနေ

ရွေးကောက်ပွဲ မစတင်မီ မြို့ လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနေ
ဒီဇင်ဘာ ၂၈ – ၂၀၂၅
SN (VOM)
ရွေးကောက်ပွဲ အပိုင်း (၁) စတင်ဖို့ နာရီပိုင်းအလိုမှာ မြို့လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း ပြည်မြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မန္တလေးတိုင်း မန္တလေးမြို့နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး တယောက် သေဆုံးကာ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၁ နာရီခွဲဝန်းကျင်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ အကွက် (၁၉/ခ) ၊ ၅ လမ်း၊ ၇၉×၈၀ လမ်းကြားရှိ ၁၀×၄၀ ပေ၊ လူမနေ ကျောက်ပြားကာ ၁ ထပ်နေအိမ် ရှေ့အဖီအမိုးပေါ်ကို ရှော့တိုက်ဒုံးတလုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးယူနေသူတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုကြောင့် နှစ်ယောက် ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အမရဌာနီအရှေ့ လူမှုကယ်ဆယ်ရေး မော်တော်ယာဉ်နဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က “စစ်ကိုင်းဘက်က လုပ်တာပေါ့။ ရှော့တိုက်ဒုံး လေးလုံးပစ်တဲ့အခါမှာ သုံးလုံးကတော့ ခြုံထဲကျတာ အထိအခိုက်မရှိဘူး။ တလုံးကတော့ အထဲမှာကျတဲ့အတွက် နှစ်ယောက်ထိပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် မြ၀တီမြို့နယ်မှာလည်း မနေ့ ည ၈ နာရီ ၄၅ မိနစ်ဝန်းကျင်၊ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်နဲ့ ည ၁၀ နာရီ မိနစ် ၂၀ မိနစ်ဝန်းကျင် အချိန်တွေက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြ၀တီမြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ ဘုရင့်နောင်လမ်းမနဲ့ အမှတ် (၁) ချစ်ကြည်ရေး တံတားထိပ်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တယောက် သေဆုံးကာ ၁၀ ယောက်ထက်နည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သေဆုံး၊ ဒဏ်ရာရတဲ့သူတွေက မြဝတီ အမှတ် (၄) ရပ်ကွက်က ပြည်ခိုင်ဖြိုးပါတီရုံးနား ပေါက်ကွဲမှုဖြစ်စဉ်မှာ ထိသွားတဲ့သူတွေပါ။ နေအိမ် ၁၀ လုံးလောက်လည်း ပျက်စီးသွားတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလိုပဲ ပဲခူးတိုင်း၊ ပြည်မြို့၊ ဝက်ထီးကန်နယ်မြေ၊ လွှစင်ကျေးရွာအုပ်စု အတွင်းရှိ လယ်ဘဲ့ကျေးရွာ မဲရုံးအနီးမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်က မိုင်းတလုံး ပေါက်ကွဲခဲ့သလို ည ၇ နာရီခွဲဝန်းကျင်မှာလည်း ဝက်ထီးကန်ရဲစခန်းနဲ့ အရှေ့စျေး မဲရုံအနီးမှာ မိုင်းတလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ည ၈ နာရီခွဲ ဝန်းကျင်ကလည်း ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ ဝက်မြေတော ကျေးရွာအုပ်စုအတွင်းရှိ မဲရုံအနီးမှာ မိုင်း တလုံး ထပ်မံ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာလည်း မနေ့ ည ၁၀ နာရီဝန်းကျင်အချိန်က ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့သလို တနင်္သာရီတိုင်း ထားဝယ်မြို့အနီးမှာလည်း မနေ့ ညပိုင်းက လက်နက်ကြီး ပေါက်ကွဲသံတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW