ရွေး​ကောက်ပွဲ ၂ရက်သာလိုတဲ့ ဟားခါးက ရုန်းတောင်ဗျူဟာကုန်းမှာ တိုက်ပွဲ ပြင်းထန်နေ

ဒီဇင်ဘာ ၂၆ – ၂၀၂၅
SN (VOM)
ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ရုန်းတောင်ဗျူဟာကုန်းကို ဒေသတွင်း လက်နက်ကိုင် တပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ မနက်ပိုင်းကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရုန်းတောင်မှာ အခြေစိုက်တဲ့ အမှတ် (၂၆၆) ခြေလျင်တပ်ရင်း အပါအဝင် အစိုးရတပ်ရဲ့ ကင်းစခန်းတွေကို လက်နက်ကိုင် တပ်တွေက ဒီကနေ့ မနက် ၆ နာရီခွဲဝန်းကျင်မှ စတင်ကာ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ သိရပြီး အစိုးရတပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ တန်ပြန် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
“လေကြောင်းကတော့ တိုက်ပွဲ စဖြစ်ကတည်းက အဆက်မပြတ် ပစ်ကူပေးနေတာ။ ဟားခါးက ရုန်းတောင်တပ်စခန်း၊ ဟားခါးအနီးက အစိုးရတပ် ဂိတ်စခန်းတွေမှာ တိုက်ပွဲပြင်း‌ထန်နေတယ်။ အခုအချိန်အထိ အခြေအနေ တင်းမာနေတုန်းပဲ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ခလရ (၂၆၆) တပ်စခန်းဟာ ဟားခါးမြို့မှာ အကြီးဆုံး ဗျူဟာကုန်းဖြစ်တယ်လို့ သိရပြီး ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီ နှစ်ရက်အလိုမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ရုန်းတောင်ဘက်ကနေ ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ တိုက်ပွဲဖြစ်ပြီ ဆိုကတည်းက တချို့ ဒေသခံတွေကတော့ ဗုံးခိုကျင်းနဲ့ လုံခြုံတဲ့ နေရာတွေမှာ ရှောင်နေကြတယ်။ တချို့ အိမ်ထဲကအိမ်ပြင် မထွက်ရဲကြတဲ့သူတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းပြီး ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ပြည်သူတွေ အိမ်ပြင်မထွက်ကြဖို့ CDF ဟားခါးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ရုန်းတောင်ပေါ်မှာ ဒီကနေ့ နေ့လယ် ၁ နာရီနောက်ပိုင်း တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် နှစ်ဖက် တပ်ဖွဲ့တွေကြား စစ်ရေး တင်းမာမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရတပ် ပြန်ကြားရေး တာဝန်ရှိသူတွေနဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လာမယ့် ‌ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ‌ရွေးကောက်ပွဲ အပိုင်း (၁) မှာ ချင်းပြည်နယ်က ဟားခါးနဲ့ တီးတိန်မြို့တို့ ပါဝင်ပြီး ရွေးကောက်ပွဲ အပိုင်း (၂) နဲ့ အပိုင်း (၃) ကိုတော့ ချင်းပြည်နယ်မှာ ကျင်းပနိုင်ခြင်း မရှိတာ တွေ့ရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW