လားရှိုးမှာ မြို့နယ်မဲဆန္ဒပြင်ပရောက် ကြိုတင်မဲတွေ စတင်ရေတွက်သလို မဲဆွယ်ဆိုင်းဘုတ်​တွေ ဖြုတ်သိမ်း

ဒီဇင်ဘာ ၂၆၊ ၂၀၂၅။
NN(VOM)
ရွေးကောက်ပွဲ အပိုင်း (၁) မှာပါဝင်တဲ့ လားရှိုးမြို့နယ်မှာ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲတွေကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီနေ့ စတင် ရေတွက်နေပြီလို့ ပါဝင်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဆီကနေသိရပါတယ်။
“ဒီမဲတွေဟာ မြို့နယ်မဲဆန္ဒနယ် ပြင်ပရောက် အချုပ်ကျနေသူတွေ၊ သင်တန်းသူ၊ သင်တန်းသားတွေ၊ ဆေးရုံတက်နေရသူတွေ၊ တပ်မတော်သားနဲ့ အတူနေ မိသားစုဝင်တွေရဲ့ ကြိုတင်မဲတွေ ဖြစ်ပါတယ်” လို့ ကိုယ်စားလှယ်​လောင်းတ​ယောက်က​ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်က အသစ် ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲကာလ ယာယီ နေရပ်စွန့်ခွာသူတွေ ရဲ့ ကြိုတင်မဲတွေကိုလည်း ဒီနေ့မှာ ရေတွက်တာ ဖြစ်ပါတယ်။
ဒီမဲလက်မှတ်တွေဟာ နိုဝင်ဘာ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ ပေးထားတဲ့ မဲဆန္ဒနယ် ပြင်ပရောက် မဲလက်မှတ်တွေလည်း ဖြစ်ပါတယ်။
မြို့နယ်အတွင်း နေထိုင်ပြီး ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်မယ့် သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်တဲ့သူကတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေပိုင်အထိ ကြိုတင်မဲ ပေးနိုင်ပြီး၊ အဲဒီ မဲပုံးတွေဟာ ရွေးကောက် ပွဲနေ့ မနက်ပိုင်း မဲရုံမဖွင့်ခင်မှာ သက်ဆိုင်ရာ မဲရုံတွေကို ရောက်ရမှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေထံက နေသိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက် ဒီနေ့ဟာ ရွေးကောက်ပွဲ အပိုင်း (၁) အတွက် နိုင်ငံရေးပါ တီတွေ ရဲ့ မဲဆွယ် နောက်ဆုံးရက် ဖြစ်ပါတယ်။
လားရှိုးမြို့နယ်အတွင်းမှာတော့ နိုင်ငံရေးပါတီတွေက မဲဆွယ်ပိုစတာတွေကို လိုက်လံဖြုတ်သိမ်းနေကြပါတယ်။
“ ကျွန်တော်တို့လည်း ဒီနေ့ပဲ မဲဆွယ် ပိုစတာတွေ ပြန်သိမ်းလိုက်ပြီ”လို့ လားရှိုူး မြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ တာဝန်ရှိသူ တယောက်ကပြောပါတယ်။
လားရှိုးမြို့မှာ ကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုက ရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ကိုကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ “ဝ” အမျိုးသားပါတီ၊ ပြည်သူ့ပါတီ စတဲ့ ပါတီတွေက လွှတ်တော်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာအုပ်စု ၁၁ ခုအတွင်းမှာ မဲပေးနိုင်သူ တသိန်း သုံးသောင်းဝန်းကျင် ရှိမှာဖြစ်ပြီး၊ မဲရုံပေါင်း ၆၀ ကျော်ရှိမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ပုံ VOM

Related posts

Leave a Comment

VOM News

FREE
VIEW