သန်လျင်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးအမတ်တွေ မဲအသာစီးရပြီး ပြည်သူ့ပါတီနဲ့ PPP မတိမ်းမယိမ်း ရလဒ်ထွက်

သန်လျင်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးအမတ်တွေ မဲအသာစီးရပြီး ပြည်သူ့ပါတီနဲ့ PPP မတိမ်းမယိမ်း ရလဒ်ထွက်
ဒီဇင်ဘာ-၂၈-၂၀၂၅
Voice of Myanamar
လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ သန်လျင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကိုယ်စားလှယ်လောင်းတွေမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေ မဲအသာစီးရနေတယ်လို့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် သန်လျင်မြို့နယ် မဲရုံတရုံမှာတော့ ကျားဖြူပါတီမှ ဦးခင်မောင်ဝင်းက ၄၉ မဲ၊ PPP ပါတီမှ ဦးနေမျိုးဝင်းမှ ၁၂၃ မဲ၊ တစည ပါတီမှ ဦးဖြိုးဝေလင်းက ခုနှစ်မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးမိုးမြင့်က ၂၆၆ မဲ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဦးလွင်မင်းဟိန်းက ၃၈ မဲ၊ ပြည်သူ့ပါတီမှ ဦးအောင်ကိုဝင်းက ၉၇ မဲရရှိခဲ့ပါတယ်။
အမျိုးသားလွှတ်တော်နေရာအတွက် ကျားဖြူပါတီမှ ဒေါ်ခင်မို့မို့သိန်းက ၄၈ မဲ၊ တစညပါတီမှ ဦးဇော်မိုးလွင်က ၂၉ မဲ၊ ပြည်သူ့ပါတီမှ ဦးမျိုးသီဟထွန်းက ၉၂ မဲ၊ PPP ပါတီမှ ဒေါ်မြင့်မြင့်ခိုင်က ၁၁၀ မဲ ၊ တစညပါတီမှ ဦးဝင်းကြည်က ၈၂ မဲ၊ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးပါတီမှ ဦးအောင်မြတ်စိုးက ၄၀ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သီဟက ၂၆၀ မဲ၊ လေဘာပါတီမှ ၂၁ မဲရရှိခဲ့ပါတယ်။
တိုင်း‌ဒေသကြီး လွှတ်တော်မှာတော့ ကျားဖြုပါတီမှ ဦးခင်ဇော်က ၆၇ မဲ၊ PPP ပါတီမှ ဦးဇာနည်တင့်ဝေက ၁၀၉ မဲ၊ ပြည်သူ့ပါတီမှ ဦးမြင့်သန်းက ၁၂၅ မဲ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဒေါ်ယုယုခိုင်က ၉၇ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးရန်မျိုးအောင်က ၂၇၄ မဲရရှိခဲ့ပါတယ်။
ဒါအပြင် အခြားမဲရုံတခုမှာလည်း ပြည်သူ့လွှတ်တော်နေရာမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းက ၂၁၅ မဲနဲ့ ဦးဆောင်နေပြီး ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ၁၂၉ မဲနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ကာ PPP ပါတီ ကိုယ်စားလှယ်လောင်းက ၈၈ မဲနဲ့ တတိယနေရာမှာရှိနေခဲ့ပါတယ်။ ဒါအပြင် သန်လျင်မြို့နယ်အတွင်း အခြားသောမဲရုံတွေမှာလည်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ ဦးဆောင်နေတာကို တွေ့ရပါတယ်။
အမျိုးသားလွှတ်တော်အတွက် ပြည်ခိုင်ဖြိုးက ၁၉၉ မဲနဲ့ အသာစီးရခဲ့ပြီး ပြည်သူ့ပါတီက ၁၁၆ မဲ၊ PPP ပါတီက ၁၀၇ မဲနဲ့ ရပ်တည်ခဲ့ပါတယ်။ တိုင်း‌ဒေသကြီးလွှတ်တော်မှာလည်း ပြည်ခိုင်ဖြိုးက ၂၂၄ မဲ့ ဦးဆောင်ခဲ့ပြီး ပြည်သူ့ပါတီက ၁၅၂ မဲနဲ့ PPP ပါတီက ၁၀၃ မဲရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း‌ဒေသကြီးမှာတော့ ရွေးကောက်ပွဲ အပိုင်း(၁) အဖြစ် ဂုံမြို့သစ်တောင်ပိုင်း၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ကျောက်တံတား၊ အလုံ၊ မရမ်းကုန်း ၊သန်လျင်၊ တွံတေး၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး စတဲ့ မြို့နယ် ၁၂ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနေတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း(၃)ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အထွေထွေရွေးကောက်ပွဲအတွက် တနိုင်ငံလုံးမှာ မဲရုံပေါင်း (၂၁၅၁၇) ရုံရှိပြီး ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၅၇)ပါတီနဲ့ ကိုယ်စားလှယ်လောင်း (၄၈၆၃)ယောက်တို့ ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Photo:VOM

Related posts

Leave a Comment

VOM News

FREE
VIEW