အစိုးရရဲ့ ရုပ်သံလိုင်း ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရ

အစိုးရရဲ့ ရုပ်သံလိုင်း ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရ
ဒီဇင်ဘာ ၂၇ – ၂၀၂၅
SS (VOM)
ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ MRTV ၊ မြဝတီသတင်း စာမျက်နှာ အပါအဝင် အစိုးရရဲ့ ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေ ဆက်တိုက် ဖယ်ရှားခံနေရတယ်လို့ Justice For Myanmar (JFM) က သတင်း ထုတ်ပြန်ထားပါတယ်။
JFM အဖွဲ့အစည်းအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာ နိုင်ငံတကာ နည်းပညာ ကုမ္ပဏီကြီးတွေဆီ စတင် ဆက်သွယ်ခဲ့ပြီးတဲ့နောက် အစိုးရရဲ့ အကောင့် ၂၉ ခုအထိ ဆက်တိုက် ဖယ်ရှားခံလိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုတွေနဲ့အညီ အခုလို ဖယ်ရှား ပိတ်သိမ်းခဲ့မှုတွေအပေါ် ကြိုဆိုပါတယ်” လို့ JFM အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အခု ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်ကာ အစိုးရရဲ့ သတင်းမီဒီယာ အကောင့်တွေ ဖယ်ရှားခံနေရတာဖြစ်ပြီး နောက်ဆုံး ဖယ်ရှားခံလိုက်ရတာကတော့ MWD News (မြဝတီ သတင်း) စာမျက်နှာဖြစ်ကာ TikTok ကနေ ဖြုတ်ချခံခဲ့ရတာ ဖြစ်တယ်လို့ JFM က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။
MWD News မတိုင်ခင် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီတခုဖြစ်တဲ့ Meta ရဲ့ Facebook လူမှုကွန်ရက်ကနေ MITV ၊ ရတနာပုံသတင်းစာ၊ MRTV နဲ့ MRN News စာမျက်နှာတွေကို ဖယ်ရှားပိတ်သိမ်းခဲ့သလို YouTube ကလည်း ပြန်ကြားရေးဝန်ကြီးဌာန (MOI) ရဲ့ အကောင့်နဲ့ MITV ကို ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အချက်အလက် သိုလှောင်မှုပေးတဲ့ MediaFire ကလည်း အစိုးရ ပြန်ကြားရေးက ထုတ်ဝေတဲ့ ရတနာပုံသတင်းစာ အကောင့်ကို ဖျက်သိမ်းခဲ့သလို Amazon ပိုင် အမေရိကန် တိုက်ရိုက်ထုတ်လွှင့်မှု (livestream) ပလက်ဖောင်းတခုဖြစ်တဲ့ Twitch ကလည်း MRTV နဲ့ ဆက်စပ် ရုပ်သံလိုင်းတွေရဲ့ အကောင့်တွေကို ဖယ်ရှား ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
Twitch က အသုံးပြုခွင့် မပေးတော့တာကြောင့် အစိုးရ ပြန်ကြားရေးဟာ မကြာသေးခင် ရက်ပိုင်းက ဩစတြေးလျအခြေစိုက် ရုပ်သံဗီဒီယိုလွှင့် ပလက်ဖောင်း Kick ကို ပြောင်းလဲ အသုံးပြုခဲ့ပေမယ့် အသုံးပြုပြီး ၂၄ နာရီအတွင်း အကောင့်တွေ ပိတ်သိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး Justice For Myanmar က TikTok အပါအဝင် တခြားသော နည်းပညာကုမ္ပဏီ အားလုံး အနေနဲ့လည်း ကျန်ရှိနေသေးတဲ့ အစိုးရရဲ့ အကောင့်တွေကို ဖြုတ်ချပေးဖို့နဲ့ ၄င်းတို့ရဲ့ ပလက်ဖောင်းတွေကို အစိုးရ တာဝန်ရှိသူတွေက အသုံးပြုနေမှုကို ပိတ်ပင်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါအပြင် လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာလည်း အင်တာနက်လိုင်း အသုံးပြုမှုနဲ့ ပတ်သက်လို့ အခက်အခဲ ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိနေပြီး ပဋိပက္ခ ဖြစ်ပွားရာ ဒေသတချို့မှာ ဆိုရင်တော့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook ကို ၂၀၂၁ ခုနှစ်ကစပြီး VPN နဲ့ ကြားခံ အသုံးပြုခဲ့ကြပေမယ့် ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်ကစလို့ VPN နဲ့ချိတ်ဆက်ရတာ ခက်ခဲလာတာ၊ သုံးစွဲမရတာမျိုးတွေ ဖြစ်လာတာဟာ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။
သုတေသနပြုအဖွဲ့ဖြစ်တဲ့ အသံအဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက်တွေအရ အခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်း စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၁၃၂ မြို့နယ် ရှိတယ်လို့ သိရပါတယ်။
Photo – JFM

Related posts

Leave a Comment

VOM News

FREE
VIEW