နတ်တလင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး လေးယောက်သေ သုံးယောက် ဒဏ်ရာရ

ဇန်နဝါရီ ၁ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း အနောက်ပိုင်း ၊ နတ်တလင်း မြို့နယ်ထဲက တယ်လေးကျေးရွာ ဘက်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူ လေး​ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ သုံးယောက် ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီလောက်မှာ လေကြောင်း တိုက်ခိုက်ခံခဲ့ ရတာဖြစ်ပြီး သေဆုံးသူတွေက အမျိုးသမီး တွေ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက်တို့ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။
” နတ်တလင်းမှာ ရွေးကောက်ပွဲမတိုင်ခင် တိုက်ပွဲတွေ ဖြစ်ပြီး အဲဒီနောက် ခုလို လေကြောင်းကနေ ဗုံးကြဲခံ ရတာပါ ။ PDF တွေ ရှိတယ်ဆို ပြီး ကြဲချတာ ဆိုပြီးတော့ ပြောနေကြတာပဲ ။ တောင်ညိုဆည်ဘက်ဆို ရိုးမနဲ့ ကပ်နေပြီ ။ အဲဒီဘက်တွေက ဖုန်းဆက် လည်း မပြောရဲကြဘူး ။အမျိုးတွေ ရှိတာတောင် မပြောရဲကြဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
နတ်တလင်း မြို့နယ်ထဲမှာ ရွေးကောက်ပွဲ မတိုင်ခင် ဒီဇင်ဘာ ၂၇ ရက်နေ့က စပြီး PDF တွေနဲ့ အစိုးရတပ် အကြား တကျော့ ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ လက်နက်ကြီး ပစ်ခတ်မှု ၊ လေကြောင်းတိုက် ခိုက်မှုတွေရှိ လာတာကြောင့် ကျေးရွာ အချို့က ဒေသခံတွေဟာ နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ ကြရတယ်လို့ သိရပါတယ်။
စစ်ဘေး ရှောင်နေတဲ့ ရက်ပိုင်း အတွင်း မှာပဲ လူစောင့် မရှိတဲ့ နေအိမ်တွေ ဖောက်ထွင်းခံရပြီး ပစ္စည်း ခိုးယူမှုတွေ ဖြစ်ပွားနေတာ ကြောင့် လက်ရှိမှာ စစ်ရှောင် တချို့ဟာ နေရပ် ပြန်နေကြ ပြီ ဖြစ်တယ် လို့ သိရပါတယ်။
” ဒမငယ် ရွာဘက်မှာ တိုက်ပွဲ စဖြစ်တာ ။ ဖြစ်တော့ အကုန် ပြေးကြတာပဲ ။ အခုတော့ တချို့ လည်း ပြန်နေကြပြီ ။ သူခိုးတွေက အိမ်တွေဖောက်ပြီး အကုန်လိုက်ခိုးနေကြတာ ။ တချို့ ယောကျ်ားသားတွေ အိမ်စောင့် ပြန်ကြတယ်။ တချို့လည်း အကုန်ပြန်ကြတယ် ။ ဒမငယ်ရွာဆိုရင် နတ်တလင်း မြို့နဲ့ သိပ်မဝေးဘူး ။နီးတယ်။ ကွန်ကရစ်လမ်း ခင်းထားတာ ။ ” လို့ ဒေသခံ ကဆက်ပြောပြ ပါတယ်။
ဒမငယ် ရွာဘက်မှာ ​ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ လူနေအိမ် ခြောက်လုံးလောက် ထိခိုက် ပျက်စီး မှုရှိခဲ့သလို ထိခိုက် ဒဏ်ရာရရှိသူ တချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
နတ်တလင်း မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ USDP ရဲ့ ကိုယ်စားလှယ် လောင်းတွေက အနိုင်ရရှိ ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW