နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ နာဂအမျိုးသားပါတီ အနိုင်ရ

ဒီဇင်ဘာ ၃၁ – ၂၀၂၅
SS (VOM)
ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်တွေမှာ စစ်ကိုင်းတိုင်းထဲက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာတော့ နာဂအမျိုးသားပါတီ (NNP) က အနိုင်ရရှိခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးရှုမောင်က ပြောပါတယ်။
အဲဒီဒေသမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ နာဂအမျိုးသားပါတီ (NNP) တို့ ယှဉ်ပြိုင် အရွေးခံခဲ့ကြတာဖြစ်ပြီး သက်ဆိုင်ရာက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေမယ့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ လွှတ်တော် သုံးရပ်လုံးမှာ နာဂအမျိုးသားပါတီဘက်က အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က ငါးမြို့နယ်ပြိုင်တာ။ လေးမြို့နယ်က စာရင်း အတိအကျရပြီ။ အားလုံးနိုင်တယ်။ မဲရလဒ် အသာစီးနဲ့ နိုင်တာပေါ့။ ဟုမ္မလင်းတခုကတော့ သေချာ မသိရသေးလို့ ပြောဖို့ ခက်နေပါသေးတယ်” လို့ NNP ပါတီဥက္ကဋ္ဌ ဦးရှုမောင်က ပြောပါတယ်။
NNP ပါတီအနေနဲ့ လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တို့က ပြည်သူ့လွတ်တော်နဲ့ တိုင်းဒေသကြီး နေရာအတွက်လည်းကောင်း၊ ခန္တီးမြို့နယ် ပြည်သူ့လွတ်တော်၊ တိုင်းဒေသကြီးနဲ့ အမျိုးသားလွတ်တော် နေရာတို့အတွက်လည်းကောင်း မဲအများဆုံးနဲ့ လွှတ်တော်နေရာ အားလုံးနီးပါး အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုလို အနိုင်ရရှိတာအတွက် အဓိက ကတော့ မဲပေးခဲ့တဲ့ ပြည်သူတွေ၊ ပါဝင် အချိန်ပေးဆပ်ခဲ့တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အားလုံးကို ကျွန်တော်တို့က ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အဓိက ကတော့ မဲပေးတဲ့ ပြည်သူတွေပေါ့။ သူတို့တွေရဲ့အချိန်ကို ပေးပြီးတော့ ကျွန်တော်တို့ အနိုင်ရအောင် မဲပေးခဲ့တဲ့အတွက် ပြည်သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်” လို့ NNP ပါတီဥက္ကဋ္ဌက ပြောပါတယ်။
NNP ပါတီအနေနဲ့ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ခန္တီး၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေမှာ FPTP စနစ်နဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ် တယောက်၊ ပြည်သူ့လွှတ်တော်အတွက် လေးယောက်၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ကိုးယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
နာဂဒေသဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသဖြစ်တာကြောင့် ရွေးကောက်ပွဲ အပိုင်း (၂) နဲ့ အပိုင်း (၃) မှာ ပါဝင်လာခြင်း ရှိတော့မှာမဟုတ်ဘူးလို့ NNP ပါတီဥက္ကဋ္ဌက ပြောပါတယ်။
“ကျွန်တော်တို့က ပထမအသုတ် ခရိုင် ခြောက်ခုထဲမှာ အကျုံးဝင်တဲ့အဖွဲ့တွေ ဖြစ်သွားတာပါ။ လာမယ့် လွှတ်တော်အတွက် ပြင်ဆင်ထားမှုနဲ့ ပတ်သက်လို့ကတော့ PR တချက် စောင့်ရမှာပေါ့။ PR တွေရဲ့ ကိန်းဂဏန်းတွက်ချက်မှု အတိုင်းအတာတွေ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အနေအထားကြည့်ပြီး လွှတ်တော်ခေါ်တဲ့၊ ပြဋ္ဌာန်းထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြင်ဆင်ရေး အကောင်းဆုံး လုပ်ကိုင်ကြရမှာပါ” လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ရွေးကောက်ပွဲကို လဟယ်မြို့နယ်မှာ မဲရုံ ၉၃ ရုံ၊ နန်းယွန်းမြို့နယ်မှာ ၈၆ ရုံ၊ လေရှီးမြို့နယ်မှာ ၅၅ ရုံ၊ စုစုပေါင်း မဲရုံ ၂၃၄ ရုံ ဖွင့်လှစ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နာဂဒေသမှာ မဲစာရင်းထဲပါရှိသူ ခြောက်သောင်း ခုနစ်ထောင်နီးပါးရှိပြီး မဲပေးသူ လေးသောင်း ခုနစ်ထောင်ကျော် ရှိခဲ့တဲ့အတွက် မဲဆန္ဒရှင်ရဲ့ ၆၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW