ဇန်နဝါရီ ၁ – ၂၀၂၆
SS (VOM)
ရွေးကောက်ပွဲ အပိုင်း (၂) မှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာပေါင်း ၃၀ နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဘုတလင်မြို့ပေါ် တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်ကူလာတဲ့ အစိုးရတပ်ရဲ့ မြေပြင် စစ်ကြောင်းတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အဲဒီမြို့နယ်ထဲက ကံသစ်ရွာမ၊ ကံသစ်ရွာ (အရှေ့၊ အနောက်)၊ ဇီးတောရွာ (အရှေ့၊ အနောက်)၊ ရွှေတောင်၊ ရွာရှည် (အရှေ့၊ အနောက်)၊ သပြေပင် အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေကြရတယ်လို့ သိရပါတယ်။
“အဖမ်းအဆီးတွေလည်း ရှိနေသလို လေကြောင်းရန်ကလည်း စိုးရိမ်နေရတော့ ရှောင်လို့ရတဲ့ နေရာတွေက ဒေသခံတွေ အားလုံးနီးပါး ရှောင်ကြတယ်။ အစိုးရတပ်က မြို့အဝင်၊ အထွက် ပိတ်လိုက်လို့ တချို့ မြို့ထဲမှာ ပိတ်မိပြီး ကျန်နေခဲ့တဲ့သူတွေလည်း ရှိတယ်။ တိုက်ပွဲထဲ ထိခိုက် သေဆုံးတဲ့သူတွေလည်း ရှိတယ်လို့ကြားတယ်။ အရေအတွက်တော့ မသိရသေးဘူး။ စစ်ရှောင်တွေအတွက် လိုအပ်မှုကတော့ စားနပ်ရိက္ခာ၊ အမိုးအကာတွေအပြင် အနွေးထည်နဲ့ စောင်တွေလည်း အရေးပေါ် လိုနေပါတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့၊ နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲ အပိုင်း (၁) စတင် ကျင်းပတဲ့ရက်မှာ ဘုတလင်မြို့ပေါ်စခန်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်းတွေက အစိုးရတပ် တပ်စွဲထားတဲ့နေရာတွေနဲ့ ရွေးကောက်ပွဲ ပြုလုပ်မယ့် နေရာတွေကို ဒေသတွင်း လက်နက်ကိုင် တပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေကတော့ ဒီနေ့မနက်အထိ ဆက်ရှိနေတုန်းပါပဲ။ အစိုးရတပ်ဘက်က အင်အားဖြည့်တင်းတာ ဆက်တိုက်လုပ်နေတယ်။ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်က မြို့ကို အပြင်ကနေ ဝိုင်းထားတယ်။ စစ်ရေး အခြေအနေကတော့ တင်းမာမှု ရှိနေတုန်းပါပဲ” လို့ သူက ပြောပါတယ်။
ဘုတလင်မြို့ရဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် တပ်တွေရဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ တိုက်ခိုက်မှုအပြီး မြို့ကို တရက်တာ ယာယီ ထိန်းထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ အစိုးရတပ်ရဲ့ လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်မှု၊ ခဲယမ်းကျည် မလုံလောက်မှုတို့ကြောင့် မြို့ထဲကနေ ပြန်လည် ဆုတ်ခွာခဲ့ရပြီး မြို့ပြင်ကနေ မြို့ကိုဆက်လက် ဝိုင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ဘုတလင်မြို့ရဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရ ပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကတော့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် စစ်ကိုင်းတိုင်းအတွင်းက ကလေးဝ၊ မင်းကင်း၊ ဝင်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်၊ ရေဦး စတဲ့ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။
Photo – CJ
