ဇန်နဝါရီ ၁ ၊ ၂၀၂၆
CC (VOM)
ရန်ကုန် တိုင်း ၊ သန်လျင်မြို့နယ် ၊ အောင်သပြေ ၆ လမ်းသွား လမ်းဆုံမှာ တွဲကားနဲ့ လိုက်ထရပ် ကားတိုက်မိပြီး ကလေးတယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ ၊ ညနေ ၃ နာရီ ၃၀ မိနစ်လောက်မှာ ကျောက်တန်းမြို့ကို သွားရောက်စဥ် အောင်သပြေ ၆ လမ်းသွား လမ်းဆုံမှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေက လိုက်ထရပ် ကားပေါ်က အမျိုးသား သုံးယောက် နဲ့ အမျိုးသမီး ခုနှစ်ယောက် တို့ ဖြစ်တယ်လို့ သိရပါတယ်။
” သေဆုံးတာက ကလေးလေး ။ ယောကျ်ားလေးပါ ။ ပေ ၄၀ တွဲကားနဲ့ လိုက်ထရပ်နဲ့ တိုက်တာ ။ လိုက်ထရပ်က သန်လျင်ကနေ ကျောက်တန်းကို အသွားမှာ ဖြစ်တာ ။ ကားက သန်လျင် ကကား။ မိသားစုတွေချည်းပဲ ။ အခုဆေးရုံမှာပဲ ရှိသေးတယ် ။ ” လို့ လောကအလင်း လူမှုကယ်ဆယ်ရေး အသင်း တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရ ရှိသူတွေကို သန်လျင်ဆေးရုံကို ပို့ထားပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေ ရှိတဲ့ အတွက် သန်လျင် ဆေးရုံက တဆင့် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်း ပို့ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အလားတူ ဒီနေ့ မနက်အစော ၄ နာရီ ကျော်လောက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ ငွေဗျိုင်းဖြူ ဆီဆိုင်အနီးမှာ ရပ်ထားတဲ့ ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိပြီး နှစ်ယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ရန်ကုန် ၊ မင်္ဂလာဒုံ မြို့နယ် ၊ ပျဉ်းမပင် မှတ်တိုင်အနီး မှာလည်း ဒီကနေ့ မနက်အစော ၅ နာရီလောက်က တက္ကစီကား နဲ့ YBS ၄၁ တို့ တိုက်မိ ပြီး တက္ကစီ ယာဥ်မောင်း အမျိုးသား တယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နယူးရီးယားည ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီလောက်မှာလည်း ရန်ကုန် ၊ မင်္ဂလာဒုံအမှတ်(၃)လမ်းမ ၊ သင်္ကန်းကျွန်း ကြီးမှတ်တိုင် အနီးမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသား တယောက် ယာဥ်တိုက်ခံရပြီး နေရာမှာပဲ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လောကအလင်း
