ဇန်နဝါရီ ၁ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် ၊ အင်းစိန်မြို့နယ် ၊ ဖော့ကန် ဘူတာနဲ့ ရွာမ ဘူတာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ခွေးစာ အမြဲကျွေးလေ့ ရှိတဲ့ အမျိုးသား တယောက် ရထား တိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
ရထားတိုက်ခံရပြီး သေဆုံးသူ အမျိုးသားကအသက် ၄၀ ကျော်အရွယ် ဖြစ်ပြီး မိသားစုနဲ့ အတူ အဆိုပါ ရထားလမ်းဘေးမှာပဲ အဟောင်း ပစ္စည်းဆိုင် ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
“သူက အဲနားမှာ သူ့ရဲ့ အိမ်မွေးခွေးလည်း ကျောင်းတယ် ။ ခွေးစာတွေ လည်းကျွေးတယ် ။တိုက်တဲ့ အချိန်ကလည်း ၁၀ နာရီကျော်ကျော် လောက်ဆိုတော့ မူးနေတာ လည်းမဟုတ်ဘူး ။ အကိုတို့ သူ့မိသားစုဝင်တွေနဲ့ သုံးသပ် လိုက်တာတော့ ခွေးတွေ ဘာတွေ မောင်းရင်းနဲ့ ရထားလာတော့ ခွေးတွေ ဘာတွေက ထွက်ပြေးမှာပေါ့ ။အဲလိုမျိုးနဲ့ အတိုက်ခံရတာ ဖြစ်နိုင်တယ်။ တိုက်ပြီး မှ ဘေးပတ်ဝန်းကျင်က သိပြီး ပြောလို့ မိသားစုက သိရတာ။ တိုက်ပြီး သိပ်မကြာဘူး သိသွားတာပါ။ ဒဏ်ရာ ကတော့ ခေါင်းပွင့်ထွက် သွားတယ်။ မေးရိုး ကွဲသွားတယ်။ ” လို့ မြေပြင် ကူညီရေး ဆောင်ရွက်ခဲ့တဲ့ ကနောင် လူမှုကူညီရေး အသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ရထားလမ်းပိုင်းက ရန်ကုန် မြို့ပတ်ရထား နဲ့ ပြည် – ရန်ကုန် ရထား ပြေးဆွဲမှု ရှိကြောင်း သိရှိရပေမယ့် ဘယ်ရထားနဲ့ တိုက်မိခဲ့သလဲ ဆိုတာကိုတော့ အတိကျ မသိရှိ ရဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရထားတိုက်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသား ရုပ်အလောင်းကို အင်းစိန်ဆေးရုံကို ပို့ဆောင်ထားတယ် လို့သိရပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကလည်း မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ ပတ္တာရွာအနီးမှာ အိမ်စီးကား နဲ့ ရထားတိုက်မိပြီး သုံးယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကိုသူရိန်ထွန်း
