တီဟီရန်၊ ဇန်နဝါရီ-၁-၂၀၂၆
မျိုးဆက်(VOM)
အီရန်မှာ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတို့ကြောင့် ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲ စတုတ္ထမြောက်နေ့မှာ နိုင်ငံတောင်ပိုင်း ဖားစ် ပြည်နယ်ရှိ ဒေသန္တရအစိုးရအဆောက်အအုံတခုထဲကို ဆန္ဒပြသူတွေ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဖားစ်မြို့မှာဖြစ်ပွားခဲ့တဲ့ အဲဒီဆန္ဒပြပွဲတွေအတွင်း ရဲသုံးယောက်ဒဏ်ရာရခဲ့ပြီး လူလေးယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အနောက်ပိုင်း ဟာမီဒန်နဲ့ လော်ရီစတန် ပြည်နယ်တွေမှာလည်း ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မြို့တော် တီဟိရန် ရှိ အာဏာပိုင်တွေကတော့ ဗုဒ္ဓဟူးနေ့ကို ဘဏ်ပိတ်ရက်အဖြစ် ကြေညာခဲ့ပြီး ဒါဟာ မငြိမ်မသက်မှုတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုလို့ ရှုမြင်ရပါတယ်။ နိုင်ငံတဝန်း စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားရပါတယ်။
ဆန္ဒပြမှုတွေဟာ တနင်္ဂနွေနေ့မှာ တီဟီရန်မှာ စတင်ခဲ့ပြီး ငွေကြေးဖောင်းပွမှု ၊ အီရန်ငွေကြေးဟာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် စံချိန်တင်ကျဆင်းသွားတာကြောင့် အမျက်ဒေသထွက်နေတဲ့ ဆိုင်ပိုင်ရှင်တွေက စတင်ခဲ့တာပါ။
အင်္ဂါနေ့မှာတော့ တက္ကသိုလ်ကျောင်းသားတွေပါ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး မြို့အတော်များများကို ပျံ့နှံ့သွားခဲ့ကာ အီရန် ထိပ်တန်းဘာသာရေးခေါင်းဆောင်တွေကိုလည်း ဆန္ဒပြခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်မှာ ဟီဂျပ်မဝတ်လို့ ဖမ်းဆီး ထိန်းသိမ်းထားစဉ် သေဆုံးခဲ့တဲ့ အမျိုးသမီးငယ် မာဆာ အမီနီ သေဆုံးမှုမှ ပေါ်ပေါက်လာတဲ့ အုံကြွမှုနောက်ပိုင်း လက်ရှိ ဆန္ဒပြပွဲတွေဟာ အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။
တီဟီရန်ဒေသမှာတော့ လုံခြုံရေးတင်းကျပ်စွာ ချထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကတော့ အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ စကားကို အလေးအနက်နားထောင်မယ်လို့ ဆိုပါတယ်။ ဆွေးနွေးဖို့အတွက် ပြည်ထဲရေးဝန်ကြီးကိုတာဝန်ပေးထားတယ်လို့ ပြောပါတယ်။
Ref: BBC
Photo:Getty Images
