ဖလမ်းနဲ့ တီးတိန်မှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲ ပြင်းထန်နေ

ဇန်နဝါရီ ၅ – ၂၀၂၆
SS (VOM)
ချင်းပြည်နယ် (မြောက်ပိုင်း) က ဖလမ်းနဲ့ တီးတိန်မြို့နယ်တွေမှာ အစိုးရတပ်ရဲ့ ထိုးစစ်ဆင်‌ တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လပိုင်းဆန်းကစတင်ကာ ဖလမ်း၊ တီးတိန် အပါအဝင် ချင်းမြောက်ပိုင်းက မြို့နယ်တွေကို ထိုးစစ်ဆင်လာတာဖြစ်ပြီး ‌ချင်းညီနောင် ပူးပေါင်းအဖွဲ့တွေက ခုခံတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။
ဖလမ်းမြို့မှာတော့ အစိုးရစစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ဘက်က တဆင့် သိုင်ငင်းရွာကိုဖြတ်ပြီး ဖလမ်း
မြို့ အနောက်မြောက်ဘက်ကို ဝင်ရောက်နေသလို ကလေးမြို့တောင်ပိုင်းကနေ ဝေဘူလ ကိုဖြတ်ရင်း ဖလမ်း မြို့တောင်ဘက်ပိုင်းကိုလည်း အင်အား အများအပြား အသုံးပြုပြီး ဝင်ရောက်​နေတယ်လို့ သိရပါတယ်။
“ဖလမ်းမှာက ဇန်နဝါရီ ၃ ရက်နေ့အထိ တိုက်ပွဲတွေရှိခဲ့တယ်။ အဲဒီ ၃ ရက်နေ့ တိုက်ပွဲကတော့ ဖလမ်း – သိုင်းငင်းလမ်းမှာ ဖြစ်တာ။ မြို့အနောက်မြောက်ဘက် ခွန်လီကျေးရွာကနေ ဖလမ်းမြို့ကို ဦးတည်ပြီး နယ်မြေရှင်းလင်းရေး လုပ်လာတဲ့ စစ်ကြောင်းကို ဒီဘက်က လက်နက်ကိုင် တပ်တွေက တိုက်ခိုက်ခဲ့ကြတာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အဲဒီ တိုက်ပွဲကြောင့် အစိုးရတပ် စစ်ကြောင်းတွေဟာ ရှေ့ဆက်မတိုးနိုင်ဘဲ တပ်ပြန်ဆုတ်သွားပေမယ့် သိုင်းငင်းဘက်ကို ပြန်လည် ထွက်ခွာသွားတာ မဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားရာ ရွာအနီးဝန်းကျင်မှာ ရှိနေသေးတဲ့အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။
“မနေ့ ဇန်နဝါရီ ၄ ရက်နဲ့ ဒီကနေ့ မနက်ပိုင်းအထိတော့ တိုက်ပွဲတွေ ငြိမ်နေတယ်။ ဒါပေမယ့် လတ်တလော အခြေအနေအရ ဒီချင်းပြည်နယ်ဘက်မှာလည်း လေကြောင်း အန္တရာယ် အမြင့်ဆုံးအချိန်လို့ ပြောလို့ရတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ အားလုံး ဂရုစိုက်ကြဖို့လိုတယ်” လို့ သူက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၅ ရက်မှာလည်း ဖလမ်းမြို့မှာ မနက် ၁၁ နာရီ ၂၉ မိနစ်ဝန်းကျင်နဲ့ ၁၁ နာရီ ၃၃ မိနစ်ဝန်းကျင် အချိန်တွေက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာနဲ့ လူထိခိုက်မှု ရှိ၊ မရှိကိုတော့ အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ချင်းပြည်နယ်၊ တီးတိန်မြို့အနီးမှာလည်း တိုက်ပွဲ ဖြစ်ပွားလျက်ရှိတာမှာ ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ မနေ့ ဇန်နဝါရီ ၄ ရက်၊ မနက် ၆ နာရီဝန်းကျင်က ကနေဒီတောင် စစ်စခန်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကနေဒီတောင်ကို လက်နက်ကိုင် ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပတ်ခန့်အကြာမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ကနေဒီတောင်ဟာ တီးတိန် – ကလေး လမ်းပိုင်းကို ထိန်းချုပ်ထားနိုင်တဲ့ ဗျူဟာမြောက် လမ်းပိုင်းဖြစ်တယ်လို့ သိရပြီး အဲဒီ လမ်းပိုင်းကိုလည်း လက်နက်ကိုင် တပ်တွေဘက်က တိုက်ပွဲ စတင် ဖြစ်ပွားစဉ်ကတည်းက ဖြတ်သန်းခွင့် ယာယီ ပိတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ချင်းပြည်နယ်အတွင်းက ဟားခါးမြို့မှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပြီး မနေ့ ဇန်နဝါရီ ၄ ရက်၊ ည ၁၂ နာရီဝန်းကျင်က အဲဒီမြို့နယ်အတွင်းရှိ ဟာသာနဲ့ ဟိုင်ဖိုင်ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် သုံးယောက် သေဆုံးကာ တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW