နေပြည်တော်၊ ဇန်နဝါရီ – ၁၆- ၂၀၂၆
VOICE OF MYANMAR
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကုန်းတော် မှာ တည်ရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိတဲ့ ဗုဒ္ဓဥယျာဥ်တော်ဆီကို ဘုရားဖူးတခေါက် ရောက်ခဲ့ပါတယ်။
ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ကြည်ညိုဖွယ်ကောင်းတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး အပြင် ကျောက်စာစေတီ၊ စေတီငယ်တွေ အပါအဝင် သာသနာအဆောက်အဦတွေနဲ့ မုစလိန္နအိုင် တို့ တည်ရှိပြီး ၂၂၈ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။
ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ဝိနည်းပိဋကတော်၊ သုတ္တန်ပိဋကတော်၊ အဘိဓမ္မာပိဋကတော် ဆိုတဲ့ ပိဋကသုံးပုံ ကျောက်စာတွေ ထွင်းထုထားတဲ့ ကျောက်စာတိုက်တော် ၇၂၀ ရှိပြီး ကျောက်စာတိုက်တော်ရဲ့ အထွဋ်တိုင်းမှာ ပုဂံခေတ်လက်ရာအတိုင်း ရွှေစည်းခုံစေတီတော် ပုံစံတူ စေတီငယ်တွေကိုလည်း တည်ထားကိုယ်းကွယ်ထားတာ တွေ့ရပါတယ်။
ဘူမိဖဿမုဒြာဟန်နဲ့ တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရာပ်ပွားတော်ကြီး ဟာ ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော် အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ရှိတယ်လို့ သိရပါတယ်။
ရုပ်ပွားတော်ကြီး ဟာ စကျင်ကျောက်သားအတိနဲ့ ထုလုပ်ပူဇော်ထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ စကျင်ကျောက်သား ဆင်းတုတော်တွေထဲကမှ ကမ္ဘာ့အမြင့်ဆုံးနဲ့ အလေးချိန် အများဆုံး ရုပ်ပွားတော် တဆူဖြစ်ပါတယ်။
ရုပ်ပွားတော်ကြီး ထုလုပ်မယ့် စကျင်ကျောက်တွေကိုတော့ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ စကျင်တောင် က ထွက်ရှိတဲ့ စကျင်ကျောက်နဲ့ ထွင်းထုထားတာဖြစ်ပြီး ရုပ်ပွားတော်ရဲ့ အလေးချိန်ဟာ ၁၇၈၂ တန်၊ ပလ္လင်တော် အလေးချိန် ၃၅၁၀ တန် စုစုပေါင်း အလေးချိန် ၅၂၉၂ တန် ရှိတယ်လို့ သိရပါတယ်။
ရုပ်ပွားတော် တည်ဆောက်ရာမှာ ပလ္လင်တော်အပိုင်း၊ တင်ပလ္လင်ခွေအပိုင်း၊ ကိုယ်လုံးတော် အပိုင်းနဲ့ ဦးခေါင်းတော် အပိုင်း ဆိုကာ အပိုင်းလေးပိုင်းခွဲပြီး တည်ဆောက်ခဲ့တယ်လို့ သိရပြီး တည်ဆောက်ချိန် တနှစ်ကျော် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး နဲ့ ဗုဒ္ဓဥယျာဥ်တော်ကြီးကို လက်ရှိ နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ယာယီသမ္မတ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး တည်ထားကိုယ်းကွယ်ခဲ့တာဖြစ်ပြီး ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်၊ အင်္ဂါနေ့၊ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ဆရာတော်တွေအပြင် သံဃာတော် အပါး ၉၀၀ နဲ့ အနေကဇာ တင်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရိုက်ကူး တည်းဖြတ် – ရှိုင်းအောင် (VOM)
