ပေကျင်း၊ ဇန်နဝါရီ-၁၉-၂၀၂၆
ရတီ (VOM)
၂၀၂၅ ခုနှစ်အတွင် တရုတ်နံ့ မြောက်ကိုရီးယားအကြား ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ တရုတ်အကောက်ခွန်အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ စာရင်းအင်းတွေအရ အိမ်နီးချင်းနှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၃ ဘီလီယံကျော် ရှိနေပါတယ်။
ကို ဒီတိုးတက်မှုဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာမှာ သဘောတူခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာမှုကို ထင်ဟပ်နေပြီး ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်အဆင့် ကို ပြန်လည်ရောက်ရှိလာတာပါ။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လျောင်နင်ပြည်နယ်၊ ဒန်တုန်းမြို့ တရုတ်-မြောက်ကိုရီးယားနယ်စပ်ရှိ တံတားတစင်းပေါ်ကနေ ကုန်တင်ရထားတွေ၊ ထရပ်ကားတွေနဲ့ ကုန်သွယ်မှုတွေ ပြုလုပ်နေပြီး ဆယ်စုနှစ်တခုကျော် ပိတ်ထားခဲ့တဲ့ အခြားတံတားတစင်းရဲ့ မြောက်ကိုရီးယားဘက်ခြမ်းမှာလည်း အကောက်ခွန်ရုံးအတွက် အဆောက်အအုံသစ်တခု တည်ဆောက်နေပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်လာတာနဲ့အမျှ ပေကျင်းနဲ့ ပြုံယမ်းအကြား ဆက်ဆံရေးဟာလည်း တင်းမာလာတယ်လို့ လေ့လာသုံးသပ်သူအချို့က ထောက်ပြနေကြပါတယ်။
ဒါပေမယ့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှာ ကင်ဂျုံအန်ဟာ တရုတ်နိုင်ငံ သွားရောက်လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင်းပင်နဲ့တွေ့ဆုံကာ နယ်ပယ်အသီးသီးမှာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေဖို့ သဘောတူခဲ့ကြပြီး ဒီခရီးစဉ်အပြီးမှာတော့ နှစ်နိုင်ငံ လစဉ်ကုန်သွယ်မှုလည်း မြင့်တက်ခဲ့ပါတယ်။
Ref:NHK
Photo:NK
