ပေကျင်း၊ ဇန်နဝါရီ-၁၉-၂၀၂၆
မျိုးဆက်(VOM)
တရုတ်နိုင်ငံမြောက်ပိုင်းရှိ စက်ရုံတရုံမှာ ကြီးမားသောပေါက်ကွဲမှုတခုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၈၄ ယောက် ဒဏ်ရာရရှိခဲ့ကာ ငါးယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဒီကနေ့မှာ ပြောပါတယ်။
ပေါက်ကွဲမှုသည် ဇန်နဝါရီ ၁၈ ရက် ဒေသစံတော်ချိန် နေ့လယ် သုံးနာရီခန့်က အတွင်းမွန်ဂိုးလီးယားရှိ Baogang United Steel စက်ရုံမှာ ဖြစ်ပွားခဲ့ပြီး အဲဒီဒေသမှာ သိသာထင်ရှားတဲ့ တုန်ခါမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုမှာတော့ ပေါက်ကွဲမှုကြောင့် မီးခိုးလုံးကြီးတွေ ကောင်းကင်မှာ မြင်တွေ့ခဲ့ရပြီး မြေပြင်မှာတော့ ပြိုကျနေတဲ့ မျက်နှာကြက်တွေနဲ့ ပိုက်တွေအပါအဝင် အပျက်အစီးတွေ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။
ဆေးရုံတက်နေရသူ ဒါဇင်ပေါင်းများစွာအနက် ငါးယောက်ဟာ ပြင်းထန်သောဒဏ်ရာတွေ ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဆိုပါတယ်။ အာဏာပိုင်တွေဟာ ပေါက်ကွဲမှုရဲ့ အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြပါတယ်။
အဲဒီစက်ရုံဟာ နိုင်ငံပိုင်သံနဲ့ သံမဏိလုပ်ငန်းတခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စက်ရုံပေါက်ကွဲမှုတွေနဲ့ သတ္တုတွင်းပြိုကျမှုတွေမှ မြေပြိုမှုတွေအထိ စက်မှုလုပ်ငန်းမတော်တဆမှုတွေဟာ ယခင်ကတည်းက မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
၂၀၁၅ ခုနှစ်ကလည်း တီယန်ကျင်း ဆိပ်ကမ်းမှာ ကြီးမားသောပေါက်ကွဲမှုနှစ်ခုကြောင့် လူ ၁၇၃ ယောက်သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ မြို့ရဲ့ ဧရိယာများစွာကို ပျက်စီးစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် မေလမှာတော့ အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ ဓာတုဗေဒစက်ရုံတခုမှာ ပေါက်ကွဲမှုကြောင့် လူငါးယောက် သေဆုံးပြီး ၁၉ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
Ref:BBC
Photo: China Youth Daily
