တရုတ်မှာ အအေးဆုံး အချိန်ဖြစ်နေတာကြောင့် တရုတ်ကို တင်ပို့နေတဲ့ ဖရဲ၊ သခွား အရောင်းအဝယ်​အေး

ဇန်နဝါရီ ၁၈၊ ၂၀၂၆
Shy V (VOM)
တရုတ်ဘက် ရာသီဥတု အအေးဆုံး အချိန်ဖြစ်နေတာကြောင့် ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား ကနေ တရုတ်နယ်စပ် တာလော့ဘက် တင်ပို့နေတဲ့ ဖရဲ၊ သခွား အရောင်းအဝယ် အေးနေပြီး ဈေးလည်း အနည်းငယ် ကျဆင်းနေကြောင်း ဖရဲ သခွား လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“တရုတ်နိုင်ငံရဲ့ အအေးဆုံး ရာသီဥတု အချိန်ကို ရောက်ရှိနေတယ်။ နောက် နှစ်ရက်အထိ ဒီလိုပဲ အေးနေအုံးမှာပါ။ နောက်လ ၁၀ ရက်နေ့လောက်မှ ရာသီဥတု ကောင်းမှာပါ။ အဲဒီ အချိန်မှ အရောင်းအဝယ် နည်းနည်း ကောင်းနိုင်မယ်။ ဈေးနှုန်းတွေလည်း အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ခန့်မှန်းရတယ်။” လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ အသီးကား အဝင် အစီး ၂၀ ဝန်းကျင် ရှိပြီး ဈေးနှုန်းက အပြောင်းအလဲ မရှိပဲ ဖရဲ ကတော့ စီးပြတ်ကို တရုတ်ယွမ် ၄၀၀၀၀၊ ၅၀၀၀၀ ကြား ပတ်ချာလည် ရှိတယ်လို့ သူက ပြောပါတယ်။
သခွားမွှေးကတော့ ၁ ကီလိုဂရမ်ကို အမြင့်ဆုံး တရုတ်ယွမ် ၃.၇ နှုန်းနဲ့ နှစ်စီးရောင်းရပြီး ကျန်တာကတော့ ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၃ ယွမ် နဲ့ ၃.၅ ယွမ် ဝန်းကျင် အရောင်း အဝယ် ဖြစ်တယ်လို့ သိရတယ်လို့ သူက ထပ်မံပြောပြပါတယ်။
ဖရဲ၊ သခွား ဈေးနှုန်းကျဆင်းနေတာဟာ လာအိုနိုင်ငံက ထွက်တဲ့ အသီးတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်လို့ ကျတာမျိုးမဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။
“လာအိုနဲ့ ကျနော်တို့ အသီးလည်းမတူဘူး။ လျှောက်ပြောနေတာ လူတွေကလည်း။ မသိပဲနဲ့။” လို့ သူက ပြောပါတယ်။
လတ်တလော အသီးအဝင်နည်းတဲ့နေ့တွေရှိပေမယ့် ဝယ်လက်တွေဘက်က အရည်အသွေးကို ပိုရွေးလာပြီး အရင်လတွေထက် ဝယ်လိုအား လျော့နေလာတဲ့အပြင် ဈေးနှုန်းပါ ကျလာကြောင်း ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အရည်အသွေးမကောင်းတဲ့ အသီးတွေက အပယ်များလာပြီး တင်ပို့ရန် အန္တရာယ်ရှိတဲ့ အနေအထားဖြစ်ကာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှာလည်း စည်းကမ်းသတ်မှတ်ချက် ပြောင်းလဲမှုတွေ၊ စစ်ဆေးမှုတွေ တင်းကြပ်လာတာတွေကြောင့်လည်း တင်ပို့မှု နှေးကွေးစေနေတယ်လို့ ဆိုပါတယ်။
အရင်လ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ရွှေသခွားဈေးကွက်မှာ 1 Kg ကို တရုတ်ငွေ ၅ – ၆ ယွမ် ဝန်းကျင်အထိ အရောင်းအဝယ်ကောင်းမွန်ခဲ့ပြီး အရည်အသွေးကောင်းတဲ့ အသီးတွေု ဈေးပိုရနိုင်တဲ့ အခြေအနေရှိခဲ့ပေမယ့် ဇန်နဝါရီလ ရောက်လာတာနဲ့ ကားအဝင်များလာတာတွေ၊ တရုတ်ဘက် ဝယ်လိုအား လျော့နည်းလာတာတွေ၊ နယ်စပ်ဈေးကွက် အခြေအနေတွေကြောင့် တနေ့ထက်တနေ့ ဈေးကွက်အေးလာကာ ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ 1 Kg ကို တရုတ်ငွေ ၃ – ၃.၇ ယွမ် ဝန်းကျင်အထိ ဆက်တိုက် ဈေးနှုန်း ကျဆင်းလာခဲ့ကြောင်း လုပ်ငန်းရှင်တွေရဲ့ ဈေးကွက် အချက်အလက်တွေအရ သိရပါတယ်။
ဖရဲဈေးကွက်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ကနေ ၂၈ ရက်နေ့ အတွင်း စီးပြတ် တရုတ်ယွမ် ၈၀၀၀၀ ဝန်းကျင်ထိ ရရှိခဲ့ပြီး ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ စီးပြတ် တရုတ်ယွမ် ၄၀၀၀၀ ဝန်းကျင်ထိ ကျလာပြီး အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်း ကွာဟမှုရှိကြောင်းလည်း သိရပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW