ဆူးငှက်
ရှေးအခါက မြန်မာဗိသုကာများသည် သစ်သားဘုန်းတော် ကြီးကျောင်းများကို ပြာသာဒ်ဆောင်၊စနုဆောင်၊ ဆောင်မကြီး (အရှေ့ မာရဘင်ဆောင်နှင့် အနောက် မာရဘင်ဆောင်)၊ ဘောဂဆောင်တို့ဖြင့် တစ်ဆက်တစ်စပ်တည်း ဖွဲ့စည်းတည် ဆောက်လေ့ရှိခဲ့ကြသည်။ ကျောင်းအဆောက်အအုံ၏ ထိပ်ဆုံးတွင် ပြာသာဒ်ကို ငါးဆင့်၊ ခုနစ်ဆင့်၊ ကိုးဆင့်တင်လေ့ရှိသည့်အနက် ပြာသာဒ် ခုနစ်ဆင့်ကို အများဆုံးမြင်တွေ့ကြရသည်။ ပြာသာဒ်ဆောင်၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် လှေကား တစ်စင်းစီ တပ်ဆင်ထားပြီး ပြာသာဒ်ဆောင်လှေကားမှ မင်းနှင့် ဆရာတော်များသာ အတက်အဆင်းပြုကြရသည်။ ပြာသာဒ်ဆောင်တွင် ဘုရားပလ္လင်နှင့် ဗုဒ္ဓဆင်းတုတော် ထား ရှိသည်။ ပြာသာဒ်ဆောင်နှင့် ဆောင်မကြီးကို ဆက်ထားသည့် အဆောင်သည် ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနေထိုင်၍ အာဂန္တုဧည့်သည် ရဟန်းသံဃာများကို ဧည့်ခံတွေ့ဆုံသည့် စနုဆောင်ဖြစ်သည်။
တကယ်တော့ မန္တလေးရတနာပုံနေပြည်တော်သည် အပူပိုင်းဒေသတွင်တည်ရှိပြီး နန်းတော်မှအစ ဘုန်းတော်ကြီး ကျောင်းကြီးများအလယ် လူနေအိမ်ခြေအဆုံး ဝါး သစ်သား ဝါးထရံ ဝါးကြမ်းခင်း သက်ကယ် စသည့် ပစ္စည်းများဖြင့်သာ တည်ဆောက်ကြသောကြောင့် မီးဘေးမကြာခဏ ကြုံကြရသည်။ ယင်း မီးဘေးများအနက် ထင်ရှားသော မီးဘေးဖြစ်သည့် သက္ကရာဇ် ၁၂၄၀ တပေါင်းလဆန်း ၆ရက်အနောက်ပြင်ရွှေဘုန်းရှိန်ရပ် ပြည်လုံးအံ့ လှေ တော် အမှုထမ်း ဦးကျယ်အိမ်မှ စတင်သော မီးမှာ အိမ်ခြေ ၂၀၀ကျော်မီးသင့်ခဲ့ရ့ုသာမက မဟာမုနိဘုရား အနောက်ဖက် စောင်းတန်းနှင့် ရွှေရေးဆောင် ကျောင်းတိုက်ပါ မီးသင့်ခဲ့သည်။
ထို့ပြင် သက္ကရာဇ် ၁၂၄၅ ခုနှစ်တန်ခူးလပြည့်ကျော် ၃ ရက်နေ့ မြောက်ပြင် အာဏာစိုးတန်းရပ် အိမ်မှ မီးစတင် လောင်ကျွမ်းရာ လက်မထောက်တန်း တရားရုံးဝန်ကြီး ဝန်းသုံးရပ် ဝန်ကြီး အိမ်သုံးအိမ်၊ မြောက်ဘက် ညောင်ဝန်း ဝန်ထောက်အိမ်၊ မြောက်ဘက် ဆင်ဝန်အိမ်၊ ထားဝယ်တန်းရှိ အိမ်များ၊ မြောက်မြို့ရိုး မန်းဦးတံခါးပြဿဒ်၊ မြောက်ပြင် စံဦးကျောင်း တောင်ဘက်မျက်နှာ၊ အနောက်မျက်နှာ ကျောင်းရံ၄၆ကျောင်း၊ မြောက် မဏ္ဍလာရာမ ကျောင်းတိုက်ကြီး၊ ငါးကျမ်းတိုက် ကျောင်းကြီး၊ မြောက် သစ်ဆိမ့်တိုက် ကျောင်းရံများနှင့် မန္တလေးတောင် အနောက်ဖက်စောင်းတန်းနှင့် တောင်ထိပ် တံခွန်တိုင်ကြီးများပါ မီးသင့်ခဲ့ရသည်။
ထို့နောက် သက္ကရာဇ်၁၂၄၅ ခု ကဆုန်လဆန်း ၁ ရက်နေ့ ညသုံးနာရီက မဟာမုနိဘုရား မြောက်ဘက် ကျွန်းလုံးဥသျောင်ရပ် ဒေါ်သဲအိမ်မှ စတင်မီးလောင်ပြီး အိမ်ခြေ ၂၀၀ ကျော် မီးသင့်ခဲ့သည်။ သက္ကရာဇ် ၁၂၄၅ ကဆုန်လဆန်း ၆ ရက်နေ့ ည၁နာရီတွင်မလွန်ဈေးရပ်တွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ခဲ့သည်။ နောက်လေးရက်အကြာ ကဆုန်လဆန်း ၁၀ ရက်နေ့ မနက်၁နာရီ အနောက်ပြင် ပြည်ကြီးကျက်သရေရပ် ရွှေကျီးမြင့်ဘုရားရှေ့ မိုးနဲစားဟောင်း အိမ်နှင့် ကပ်လျက် ဒေါ်တောအိမ်က စတင် မီးလောင်ရာ မြောက်ပြင်သူရဲဈေး အရိပ်မထွက် ဘုရားအထိ လောင်နေသည် နှင့် တပြိုင်နက် နန်းမြို့တော် အနောက်ဝန်းမှုး အိမ်မှ စလောင်ရာ မြောက် ရွှေပြည်မှန်ကင်းရပ်မှ အိမ်များ၊ မာရဘင်အစုရပ်မှ အိမ်များ၊ မြောက်ထားဝယ်စု အရှေ့ကွက်နှင့် အနောက်ကွက်မှ အိမ်များ၊ မြို့ရိုးပြသာဒ်နှစ်ဆောင်၊ လေးသိန်းတံခါးပြသာဒ်နှင့် နန်းတွင်း ကျီတော်စုပါ မီးသင့်ခဲ့ရပြီး မြောက်ပြင်ကို ဖြတ်၍ ဒီပဲရင်းကျောင်းတိုက်၊ ဆူးခါးကျောင်းတိုက်၊ လင်္ကာရာမ ကျောင်တိုက်၊ မကုဋာရာမကျောင်းတိုက်၊ နိဿရည်း ကျောင်းတိုက်၊ ကုသိုလ်တော် ကျောင်းတိုက်၊ သောဘိတ ရာမ ကျောင်းတိုက်၊ ပန်းဘဲတန်း ကျောင်းတိုက်များရှိ ကျောင်းပေါင်း ၇၈ ကျောင်းအနက် ၅၄ ကျောင်း မီးသင့်ခဲ့သည်။
နောက် တနှစ် သက္ကရာဇ် ၁၂၄၆ခုနှစ် ကဆုန်လဆန်း ၁၃ ရက်နေ့ ၂ နာရီအချိန်က ရတနာဘုံမ္မိအရပ် ဦးဘိုးအိမ်မှ ထောပတ်ထမင်းချက်ရာ နံရံ မီးစွဲပြီးလောင်သည်မှာ မဟာအောင်မြေရပ်၊ ရွာဟိုင်းဈေး အားလုံး၊ တောင်တူးမြောင်းဖြတ်ပြီး မြင်းဝန်တိုက်နှင့် ပတ်ဝန်းကျင်အိမ်အားလုံး၊ ဇရပ်တန်း အိမ် အားလုံး၊ မဟာမုနိ ဘုရားကြီး စောင်းတန်း ပြသာဒ် ၄မျက်နှာအားလုံးနှင့် ဘုရားကြီးကိုယ်လုံး သင်္ကန်းတော်၊ တောင်ဘက် အာသောကရာမ ကျောင်းတိုက်ကြီးနှင့် အရံကျောင်း အားလုံး၊ အရှေ့ဘက် ဒက္ခိဏရာမတိုက်ကျောင်း၊ တောက်ဘက်က ရွာသစ် မြောက်ပိုင်း အောင်မြေရွှေဘုံ တိုက်ကျောင်း၊ ဘုံကျော် တိုက်ကျောင်း၊ ညောင်ကန် တိုက်ကျောင်း၊ ထီးလင်း တိုက်ကျောင်း၊ ဦးလူကြီး တိုက်ကျောင်း၊ ရှမ်းပွဲရပ်အိမ်များ ၊မြင်းဝန် တိုက်ကျောင်း ပတ်လည်မှ အိမ်များအားလုံး မီးဘေးသင့်ခဲ့သည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေသား မကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်နှင့် အများပြည်သူ လှူဒါန်းထားသော ရွှေသင်္ကန်းတော်များ အရည်ပျော် ကျကုန်ပြီး မူလ ကိုယ်တော်ကြီးမှာမူ တစုံတရာ ပျက်စီး ချွတ်ယွင်းမှု မရှိခဲ့ပေ။ ရုပ်ရှင်တော်မြတ်ကြီးမှ အရည်ပျော်ကျသော ရွှေများမှာ လေးဆဲ့ငါးပိသာ ကျော်ရရှိခဲ့သည်။ မဟာမုနိ ကိုယ်တော်ကြီး ကို ရွှေတောင် အိမ်ရှေ့မင်း ရခိုင်မှ စတင်ပင့်ဆောင်လာခဲ့သည့် နှစ်၁၀၀တိတိ ပြည့်သည့် နေ့မှာ မီး ဘေးသင့်ခဲ့ခြင်းမှာလည်း မှတ်သားဖွယ် ဖြစ်သည်။
ထို့နောက် ပါတော်မူပြီး အင်္ဂလိပ်လက်ထက် ၁၂၇၁-ခုနှစ်၊ ကဆုန်လဆန်း ၅-ရက်၊ ခရစ်နှစ် ၁၉၀၉ခုနှစ် ဧပြီ ၂၃ရက် နေ့တွင် မန္တလေးမြို့ အနောက်ပြင် ပြည်ကြီးပျော်ဘွယ်ရပ်ကွက် အကွက်နံပတ် ၂၇၂ ရှိ ကိုးတာ ဝင်းမှ ကိုးတာမီးကြီး လောင်ရာ ၃၅ အေလမ်းမြောက်ဘက်အနီးမှ စတင်လောင်သောမီးသည် မြောက်ဘက် ၂၆ဘီလမ်း၊ ၂၂စီလမ်း မှသည် ၁၉ဒီလမ်းအထိ မပြီးဆုံးနိုင်ဘဲ ရွှေပြည်ရပ်ကွက်အထိ ကူးစက်ခဲ့သည်။ မီးမှာ ကိုးတာဝင်းအတွင်း အိမ်က ငါးကြော်ရာမှ စတင်လောင်ကျွမ်းရာ အိမ်ခြေ ၂၈၀၀ ကျော် မီးဘေးသင့်ခဲ့သည်။ ထိုမီးဘေးက အိမ်တော်ရာဘုရား အတွင်းရှိ ၁၄ခန်းဇရပ် အပါအဝင် ဇရပ် တန်ဆောင်းများလည်း လောင်ကျွမ်းခဲ့ သည်။ ထိုမျှမက အိမ်တော်ရာဘုရား အနောက်မုခ်အနီးရှိ မဟာဝေယန်ဘုံကျော် မိုးကောင်းကျောင်းတိုက် အတွင်းမှ အမရပူရခေတ် ပုဂံဘုရင်နှင့် မိုးကောင်းမိဖုရားတို့၏ ကောင်းမှု ကုသိုလ်ဖြစ်သော မိုးကောင်း မဟာဝေယန်ဘုံကျော် ကျောင်းတော်ကြီးသည် မီးသင့်ရာ ပါသွားခဲ့ခြင်းက တန်ဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုဟု ဆိုရပေမည်။
ထို့ကြောင့် မီးလောင်ဆုံးရှုံးသွားသည့် အမရပူရခေတ်လက်ရာ မြန်မာဗိသုကာဟန် မဟာဝေယန်ဘုံကျော် မိုကောင်းနေရာတွင် ကျောင်းတော်ကြီး ပြန်လည် တည်ဆောက်သောအခါ ထုထည်ကောင်းသော အုတ်ကျောင်းတော် ကြီး ဗိသုကာဟန်ကို ရွေးချယ်ခဲ့သည်။ အလားတူ အရပ်ရပ် မီးဘေးကြောင့် လောင်ကျွမ်းဆုံးရှုံးသွားသော ဘုန်းကြီးကျောင်းကြီးများကို ပြန်လည် တည်ဆောက်ကြသောအခါ မီးလောင်လွယ်သော ကျွန်းကျောင်းကြီးများအစား အုတ်ကျောက် အင်္ဂတေနှင့် အုတ်ကျောင်းတိုက်ကြီးများ တည်ဆောက်က အနောက်ဟန် အုတ်ကျောင်းဗိသုကာတွင် မြန်မာမှု သရက်ကင်းလှေကားကြီးများကို ကျောင်းကြီးမျက်နှာစာတွင် ၄စင်းမှအစ ၆စင်း အထိ ထည့်ကြပြီး ခံ့ညား ထည်ဝါစွာ မြန်မာမှုပုံစံ လွှမ်းမိုးစေခဲ့၏။ ထို့ပြင် အပေါ်ထပ်တွင် ကျယ်ပြန့်သော ကြမ်းခင်း ခန်းမကြီးနှင့် မြန်မာမှု ပန်းပု ပန်းပု ပန်းယွန်း အနုစိတ်လက်ရာ ဘုရားခန်းနှင့်အတူ ရွှေပိန်းချ ကောက်စီ တိုင်လုံးများ၊ မျက်နှာကျက် ရွှေဇဝါများနှင့် ကြည်ညိုဖွယ် အလှဆင်သော ရတနာပုံခေတ်နှောင်း ကိုလိုနီခေတ်ဦးလက်ရာ ဘုန်းကြီးကျောင်းကြီးများ အဖြစ် ထည်ဝါခဲ့ပါ၏။ ထိုကျောင်းတိုက်ကြီး များက ပင်မကျောင်းတိုက်ကြီး၏ အလယ်တိုက်ကြီးများအဖြစ် သံဃာအများ စုဝေး၍ ဘုရားဝတ်တက်ရာ၊ ဘာသာရေးကိစ္စ သာသနာရေးကိစ္စ ဆောင်ရွက်ရာ၊ ကျောင်းတိုက်အရေး၊ သံဃာ့အရေး၊ သာသနာ့အရေး စုဝေး ဆွေးနွေး ဆုံးဖြတ် သြဝါဒခံရာ အထင်ကရ အဆောက်အအုံကြီးများ ဖြစ်ခဲ့ပါ၏။
ထိုသို့သော အလယ်တိုက်ကြီးများအနက် ကိုးတာမီးဘေးကြောင့် မီးလောင်ဆုံးရှုံးသွားသော မိုးကောင်းတိုက် မဟာဝေယန်ဘုံကျော်ကျောင်းကြီးနေရာတွင် ကျောင်းဒါယကာ ဦးယွန်း+ကျောင်းဒါယိကာမ ဒေါ်မိန်းကလေးတို့ ဆောက်လုပ်လှူဒါန်းသော အုတ်ကျောင်းတော်ကြီး၏ အရှေ့ အနောက် အလျားပေမှာ ၁၁၄-ပေ၊ တောင် မြောက် အနံပေမှာ လှေကား လေးစင်းအပါအဝင် ၁၆၇-ပေ၊ စတုရန်း ပေပေါင်းမှာ ၁၉၀၃၈-ပေရှိပြီး အတွင်းတွင် မျက်နှာကျက်နှင့်တိုင်အားလုံး ရွှေပိန်း ချထားလေသည်။ အထက်ထပ်သို့ တက်ရန် မြန်မာမှု သရက်ကင်း အုတ်လှေကားကြီး လေးစင်းကို တောင်ဘက်နှစ်စင်း မြောက်ဘက်နှစ်စင်း တပ်ထားသည်။ ထိုစဉ်က ကာလ တန်ဘိုးငွေ တစ်သိန်းကျပ် အကုန်ကျခံ၍ ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ကျောင်းတော်ကြီး ဆောက်လုပ်ပြီးနောက် ယခင် “မိုးကောင်း မဟာဝေယန်ဘုံကျော်ကျောင်း”အမည်အစား “မိုးကောင်း အလယ် ရွှေကျောင်းကြီး”ဟု အမည် တွင်လာသည်။
မိုးကောင်းအလယ် ရွှေကျောင်းတော်ကြီးကို သက္ကရာဇ် ၁၂၇၂ခု (ခရစ် ၁၉၁၀ခု) တွင် ဆောက်လုပ်ပြီး သက္ကရာဇ် ၁၂၇၅ခု (ခရစ်နှစ် ၁၉၁၃ခု) တွင် ရေစက်ချလှူဒါန်းခဲ့ရာ ထိုနှစ်မှာပင် ဦးယွန်း ဒေါ်မိန်းကလေးတို့က ပုလင်းဝင်းရပ်ရှိ ခေမာသီဝံ ကျောင်းကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။
ထို့ကြောင့် မန္တလေးရှိ ဘုန်းကြီးကျောင်းများက အထင်ကရကျောင်းကြီးများ အလယ်တိုက်ကြီးများမှာ အနည်းဆုံး နှစ်၁၀၀နှင့် အထက် နှစ်၁၅၀ဝန်းကျင် သက်တမ်းရှိကြပေပြီ။ ထိုသက်တမ်းအတွင်း ကမ္ဘာစစ်ဘေးကြီးလည်းကြုံရ၊ ပြည်တွင်းစစ်ဘေးလည်း ကြုံကြရသည်။ ထိုကြောင့် ၂၀၂၅ခုနှစ် မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော ၇.၇ ရစ်တာစကေးရှိ အင်အားပြင်းထန် ငလျင်ဘေးကြီးတွင် အများစုမှာပြိုကျပျက်စီး ထိခိုက်ကြရတော့သည်။ ထိုဆုံးရှုံးမှုမှာ အလွန် ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ မူလအတိုင်း ကျောင်းတိုက်ကြီးများ ပြန်လည်တည်ဆောက်နိုင်ဖို့ ဆိုသည်မှာ တွေးကြည့် ရုံနှင့်ပင် ခက်ခဲလှပေ၏။ မန္တလေး၏ အဖိုးတန် ရှေးဟောင်းအမွေအနှစ်တွေ ပျောက်ချေပြီ။
သို့သော် ထိုအဆိုးထဲမှ စေတနာသဒ္ဒါတရား ထက်သန်သည့် အလှူရှင်များ ထွက်ပေါ်ခဲ့ပြီး ပြိုကျပျက်စီးသည့် ကျောင်းတိုက်ကြီးများ ပြန်လည်တည်ဆောက် လာနိုင်ခဲ့ကြသည်။ ထိုမျှမက အလှူရှင်များက ပြန်လည်တည်ဆောက်မည့် ကျောင်းတိုက်ကြီးများကို မူလပုံစံထက်မလျော့စေဘဲ ရှေးဟောင်းအမွေအနှစ်ကို ဖော်ထုတ် ထိန်းသိမ်းရန် ဆန္ဒရှိကြသည်မှာလည်း ဝမ်းမြောက်ဖွယ် ဖြစ်သည်။
အထူးသဖြင့် ထုထည်ပမာဏ ကြီးမားလှသော မိုးကောင်း အလယ် ရွှေကျောင်းတော်ကြီးနေရာတွင် ပြန်လည်တည်ဆောက်မည့် “မိုးကောင်း ပင်မ အလယ် ရွှေကျောင်းတော်ကြီး” ကို လှူဒါန်းသည့် မန္တလေးမြို့ ဦးဝင်းသန်း+ဒေါ်စန်းထွေး၊ သမီး – ကိုနေမျိုးထက် + မအိမ့်ပိုင်မှူး (ပင်မ)မိသားစုက အလယ်တိုက်ကြီး ဆရာတော် အရှင်ဓမ္မာဓိပတိပတျာလင်္ကာရ နှင့် အများပြည်သူတို့ ဆန္ဒရှိသည့် မူလကျောင်းတော်ကြီးအတိုင်း မပျက်မယွင်း ဆောက်လုပ်ရန် စိတ်ဆန္ဒထက်သန် သဒ္ဓါပြတ်စွာ လှူဒါန်းခဲ့ကြသည်မှာလည်း ဝမ်းမြောက်ဖွယ် ဖြစ်သည်။
ထို့ကြောင့် ကျွမ်းကျင် အင်ဂျင်နီယာ ပညာရှင်များ၊ မြန်မာမှု ပညာရှင်များ၊ ပန်းရံ လက်သမား သံချည်သံကွေး ကျွမ်းကျင်ပညာရှင်များ၏ ပညာဉာဏ်အား လုပ်အားများဖြင့် အားကျိုးမာန်တက် ဆောင်ရွက် တည်ဆောက်လျက်ရှိပါပြီ။ အသစ်တည်ဆောက် “မိုးကောင်း ပင်မ အလယ် ရွှေကျောင်းတော်ကြီး”မှာ မူလကျောင်းတော်ကြီးထက် ပိုမိုကြီးမား ကျယ်ဝန်းပြီး နောင်အဆက်ဆက် ငလျင်ကဲ့သို့သော သဘာဝဘေးဒဏ်များကိုလည်း ကြံ့ကြံ့ခံနိုင်ရန် အဝန်း ၆ပေခွဲရှိ တိုင်လုံးကြီးများ၊ ပင်မတိုင်များလည်း စံနစ်တကျ တွက်ချက်ထားသော အောက်ခြေဖောင်ဒေးရှင်းများမှာ စိုက်ထူ တည်ဆောက်ပြီးပါပြီ။
ယခင်ကျောင်းတော်ကြီးမှ ရွှေပိန်းချ လက်ရာမြောက် ဘုရားခန်းအဆောင်အယောင်များလည်း ရာနှုန်းပြည့်နီးပါး အပျက်အစီးမရှိ ပြန်လည် ဖြုတ်ယူ ထိန်းသိမ်းထားနိုင်သဖြင့် ဆောက်လုပ်ဆဲ ကျောင်းတော်ကြီး လုပ်ငန်းခွင်တွင် ပေါ်ထွက်လာသည့် တိုင်လုံးကြီးများကို ကြည့်ရှူရင်း မူလပုံစံထက် ပိုမိုကြီးမား ခံ့ညားသည့် ကျောင်းတော်ကြီးကို ခံ့ညားလှပ သရက်ကင်းလှေကားကြီးများ၊ မူလလက်ရာ ရွှေရောင်ဝင်းဝင်း ဘုရားခန်းကြီးနှင့်အတူ မကြာမီ ကြည်ညိုဖွယ် ဖူးမြင်တွေ့ရမည်ကို စိတ်ကူးဖြင့် ကြည်ညိုပီတိဖြစ်နေမိပါ၏။
ဆူးငှက်
