ဒေါ်လာ ဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူတွေကို ဖော်ထုတ် အရေးယူ

ဇန်နဝါရီ ၁၉ – ၂၀၂၆
SS (VOM)
နိုင်ငံတော် ငွေရေးကြေးရေးစနစ် တည်ငြိမ်စေရေး၊ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှု မရှိစေရေးအတွက် ဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူနေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားပါတယ်။
ငွေလဲဈေးကွက်အတွင်း လိုင်စင်မရှိဘဲ အရောင်းအဝယ် ပြုလုပ်နေသူတွေ၊ ဒေါ်လာစုဆောင်း သိုလှောင်သူတွေ၊ USDT အွန်လိုင်း အရောင်းအဝယ်နဲ့ ဈေးကစားသူတွေကို လိုက်လံစစ်ဆေး အရေးယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က “လတ်တလောကတော့ အဖမ်းအဆီးတွေ ကြမ်းနေတာမှန်တယ်။ လက်ကြီးသမားတချို့ ဖမ်းဆီးခံရတာရှိတယ်။ သူတို့ထဲက တချို့ကလည်း သတင်းကြိုရလို့ ရှောင်ကြတယ်။ ဒေါ်လာဈေးကတော့ အခု လဆန်းပိုင်းလောက်ကစပြီး နည်းနည်းချင်းစီ တက်လာတာပေါ့။ အများကြီး ခုန်တက်လာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာဈေး ထပ်မံမြင့်တက်မှု မရှိစေရေးအတွက် နိုင်ငံခြား ငွေလဲကောင်တာတွေကို စစ်ဆေးလျက် ရှိတဲ့အပြင် နိုင်ငံခြားငွေကြေး တရားမဝင် ဝယ်ယူရောင်းချ၊ လဲလှယ်ခြင်းတွေ ပြုလုပ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
အဲဒီလို ဆောင်ရွက်လျက်ရှိရာမှာ လူမှုကွန်ရက် စာမျက်နှာတွေမှာ USDT အရောင်းအဝယ် ပြုလုပ်ဖို့ ဖော်ပြထားတဲ့ ကြော်ငြာတွေက ဖုန်းနံပါတ်တွေ၊ ငွေစာရင်းအမှတ်တွေနဲ့ နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်ခဲ့တဲ့ လူပုဂ္ဂိုလ် ၂၃၄ ယောက်ကို ဆုံးရှုံးနိုင်ခြေ အန္တရာယ်မြင့်မားတဲ့ လူပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ပြီး စစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ၎င်းတို့ရဲ့ ဘဏ်အသီးသီးရှိ ဘဏ်စာရင်း စုစုပေါင်း ၆၈၇ ခုနဲ့ မိုဘိုင်း ငွေရေးကြေးရေးစာရင်း ၂၈၇ ခုတို့ကိုလည်း ငွေစာရင်း ယာယီ တားဆီးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ လူပုဂ္ဂိုလ် ၂၃၄ ယောက်ထဲက ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားတဲ့ ငါးယောက်ကို တည်ဆဲ ဥပဒေတွေနဲ့အညီ တရားစွဲဆိုကာ တရားဥပဒေအရ ပြစ်ဒဏ် ချမှတ်ထားပြီး ကျန်ရှိသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် လူမှုကွန်ရက်စာမျက်နှာ ၁၂၀၁ ခုကိုလည်း စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိပြီး လူပုဂ္ဂိုလ် ၁၃၄၂ ယောက်ရဲ့ ငွေစာရင်း အကောင့်တွေကို ယာယီ တားဆီးခဲ့သလို လူမှုကွန်ရက် စာမျက်နှာတွေမှာ ပါဝင်ပတ်သက် ရောင်းဝယ်နေသူတွေကိုလည်း အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
“ရွှေဈေးတက်ရင် ရွှေကုန်သည်၊ လုပ်ငန်းရှင်တွေကို ဖမ်းတယ်။ ဒေါ်လာဈေးတက်ရင် ပို့ကုန်၊ သွင်းကုန် အပါအဝင် လုပ်ငန်းရှင်အားလုံး ခေါ်စစ်ခံရတယ်။ တချို့ အဖမ်းခံရတယ်။ ကျွန်တော် ခဏခဏ ပြောဖူးတယ်။ ဒီလို ဖမ်းတာတွေက အဖြေမဟုတ်ဘူး။ နိုင်ငံတော်မှာ Economic ပညာရှင်တွေမရှိလို့လား မေးချင်တယ်။ အခုလို ဖြစ်နေတာတွေက ပြည်တွင်း ကျပ်ငွေ အဆမတန် ဖောင်းပွမှုတွေကြောင့် ဖြစ်နေတာ” လို့ စီးပွားရေး ပညာရှင်တယောက်က သုံးသပ် ပြောဆိုပါတယ်။
နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေတာဟာ အဓိကအားဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု မရှိခြင်း၊ ပြည်ပပို့ကုန် မရှိခြင်း၊ ပြည်တွင်း ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း၊ ကျပ်ငွေတွေကို အတားဆီးမရှိ ထုတ်လုပ်နေခြင်းတို့ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြား ငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ တ‌ဒေါ်လာ ၃၉၆၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက ဇန်နဝါရီ ၈ ရက်နေ့မှာ တဒေါ်လာ ၃၉၉၅ ကျပ်ဝန်းကျင်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
အဲဒီနောက် ထပ်မံ မြင့်တက်ခဲ့တာမှာ ဇန်နဝါရီ ၁၅ ရက်နေ့မှာ တဒေါ်လာ ၄၁၇၀ ကျပ် ဝန်းကျင်ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်မှာတော့ တဒေါ်လာ ၄၁၁၀ ကျပ် ဝန်းကျင်ဈေး ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW