ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်သစ်တင်

ဇန်နဝါရီ ၁၉ – ၂၀၂၆
SS (VOM)
ပြည်တွင်းရွှေဈေးဟာ မြန်မာ့သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင် ဈေးအဖြစ် ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်၊ ညနေပိုင်းမှာ ကျပ် သိန်း ၁၀၀ ကျော်ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ ကျပ်သိန်း တရာ့သုံးသောင်း ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး စံချိန်တင် ဈေးအတက်ကြမ်းနေမှုကြောင့် ရွှေဆိုင်အများစု ဈေးမဖွင့်ရဲဘဲ အရောင်း၊ အဝယ် ရပ်ထားကြတယ်လို့ သိရပါတယ်။
“လက်ရှိ တရာ့သုံးသောင်းကလည်း တကယ်တမ်း ကမ္ဘာ့ဈေးရော၊ ‌အမေရိကန်ဒေါ်လာ လတ်တလော ပေါက်ဈေးနဲ့ရော တွက်ကြည့်မယ်ဆို ဖြစ်သင့်တဲ့ ဈေးတန်း မဟုတ်သေးဘူး။ ဒီထက် ပိုများရမှာပေါ့လေ။ ဆိုင်အများစုကတော့ ဈေးတွေ တအားတက်လာလို့ အရောင်းရော၊ အဝယ်ရော ယာယီ ရပ်ထားကြတယ်။ အခြေအနေ စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ တချို့ ရွှေဆိုင်ပိုင်ရှင်တွေလည်း အဖမ်းအဆီးတွေ ရှိလာမှာစိုးလို့ ရှောင်တဲ့သူတွေ ရှောင်ကုန်ကြပြီ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၄၆၆၈ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် (တနင်္လာနေ့) ကထက် တအောင်စ ဒေါ်လာ ၉၀ ကျော် မြင့်တက်နေတာ ဖြစ်ပါတယ်။
အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ၄၁၁၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် (တနင်္လာနေ့) ကထက် ဒေါ်လာ ၁၀၀ ကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
“ကမ္ဘာ့ဈေးက တက်ရှိန်ကောင်းနေတုန်းပါပဲ။ ဒါကြောင့် ပြည်တွင်းရွှေဈေးလည်း အတက်ဘက်ကို အားကောင်းနေပါတယ်။ အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အထူးသတိထား စောင့်ကြည့်ရမယ့် ကာလပါ” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတယောက်က ပြောပါတယ်။
ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်လက် မြင့်တက်လာနိုင်ခြေ ရှိနေသလို ပြည်တွင်းမှာလည်း အမေရိကန်ဒေါ်လာ ဈေးကစားမှုတွေ ရှိနေတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်ခြေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
မြန်မာ့ရွှေဈေးဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က အခေါက်ရွှေ တကျပ်သား ဆယ့်သုံးသိန်း နှစ်သောင်းဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး ငါးနှစ်အတွင်း ခုနစ်ဆကျော်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW