ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် က ညောင်ခြေထောက်မြို့အနီးမှာ တိုက်ပွဲဖြစ်ပြီး တွဲကားနဲ့ ဆီဘောက်ဆာကား မီးလောင်ပျက်စီးခဲ့

ဇန်နဝါရီ ၁၉ ၊ ၂၀၂၆
CC (VOM)
ပဲခူးတိုင်း ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဇေယျဝတီမြို့နဲ့ ညောင်ခြေထောက်မြို့ အကြားမှာ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မနက်ပိုင်းက အစိုးရတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားပြီး ဆီဘောက်ဆာကားနဲ့ တွဲကားတစီး မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ကားတွေ မီးလောင်ပျက်စီးခဲ့ပြီး လမ်းပိတ်နေတာကြောင့် ရန်ကုန် – မန္တလေး လမ်းဟောင်းလည်း ယာယီပိတ်ခဲ့ရပေမယ့် လက်ရှိမှာတော့ လမ်းပွင့်ပြီး ကားတွေ ဖြတ်သန်း သွားလာနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
” ညောင်ခြေထောက်နားမှာ ပစ်ခတ်ကြတာပါ ။မနက်အစော ၁ နာရီ ၊ ၂ နာရီလောက်ကြီး ပစ်ခတ်ကြတာပါ။ သေနတ်ဖောက်သံကြားရပြီး မကြာဘူး ကားမီးရှို့ခံရတယ်။ တွဲကား မီးရှို့ခံရတယ် ။ ပစ်ခတ်မှုတွေကြောင့် မနက်ကတော့ ကားတန်းရှည်ကြီး ပိတ်နေတာတွေ့တယ်။ အခုတော့ သွားလို့ရနေပါပြီ ။ ” လို့ ဒေသခံကပြောပါတယ်။
တိုက်ပွဲအတွင်း ကားနှစ်စီး မီးလောင်မှုနဲ့ ပတ်သက်ပြီး ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနရဲ့ တပ်ဖွဲ့ဝင်တယောက်က ဖြစ်စဉ် မှန်ကန်ကြောင်း နဲ့ မနက်အစောပိုင်းမှာ သွားရောက်မီးငြိမ်းသတ်ခဲ့ရတယ်လို့ ပြောပါတယ်။
” မီးလောင်ပြီး လမ်းပိတ်နေတယ် သတင်းရလို့ သွားငြှိမ်းခဲ့တာပါ ။ အဲဒီမှာ ကျွန်တော်တို့ ရောက်တော့ လူတွေတော့ မတွေ့ရဘူး ။ကားအလွတ်ကြီးပဲတွေ့တယ် ။ ကျွန်တော်တို့သွားတော့ တွဲကားက မီးလောင်ပြီးသွားပြီ။ ဆီဘောက်ဆာကားကတော့ လောင်နေတာပေါ့။ကားတွေက လမ်းပေါ်ပိတ်နေတာပါ။ မီးငြိမ်းသွားမှ ကားတွေကို လမ်းပေါ်ကနေ အကုန်ဖယ်တာ ဘာညာလုပ်ရတယ်။ ၉ နာရီခွဲ ၊ ၁၀ နာရီလောက်မှ ပြန်လာရပါတယ် ။ ” လို့ ဖြူးမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် တယောက်က ပြောပြပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ မနက်အစောပိုင်းကလည်း ဖြူးမြို့နယ် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆားဂွန်းရွာစစ်ဆေးရေးဂိတ်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်၊ မနက် အစောပိုင်းကလည်း ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ် ၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ (ခ) အောင်မြင်မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားသမားတယောက်သေဆုံးကာ ဆီဘောက်ဆာကားတစီးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကလည်း ပဲခူးတိုင်း အနောက်ပိုင်း ၊ မင်းလှမြို့နယ် နဲ့ လက်ပံတန်း မြို့နယ်အကြား ၊ ရန်ကုန် – ပြည် ကားလမ်းမပေါ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်တပ်ဖွဲ့ တွေအကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Thet Phyo Kyaing

Related posts

Leave a Comment

VOM News

FREE
VIEW