ဂရင်းလန်းကို ထိန်းချုပ်ရေး နောက်ပြန်ဆုတ်လို့မရကြောင်း ဒေါ်နယ်ထရန့်ပြော

ဘရပ်ဆဲလ်၊ ဇန်နဝါရီ-၂၁-၂၀၂၆
မျိုးဆက်(VOM)
ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရေးအတွက် နောက်ပြန်ဆုတ်လို့မရကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဂရင်းလန်းက အမျိုးစားလုံခြုံရေးနဲ့ ကမ္ဘာ့လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ပြင်သစ်သမ္မတ မက်ခရွန်ကတော့ စည်းမျဉ်းမဲ့ကမ္ဘာကို ဦးတည်နေပြီလို့ သတိပေးလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဂရင်းလန်နဲ့ပတ်သက်ပြီး အစည်းအဝေးတွေများစွာ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးကတော့ ဂရင်းလန်းမှာ ပူးတွဲနေတိုးမစ်ရှင်တခု တည်ထောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး ထရိုးလ်စ် လန်း ပူးလ်ဆန်နဲ့ ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ တနင်္လာနေ့မှာ ဘရပ်ဆဲလ်မြို့ရှိ နေတိုးမဟာမိတ်အဖွဲ့ဌာနချုပ်မှာ နေတိုးအထွေထွေအတွင်းရေးမှူး မာ့ခ်ရူတီနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ပူးလ်ဆန်က အာတိတ်ဒေသမှာ လုံခြုံရေးတိုးမြှင့်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြောင်းနဲ့ ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲမစ်ရှင်အဆိုပြုချက်ကို အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
မကြာသေးမီက နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီဟာ ဂရင်းလန်းအရေးနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။ ဒါးဗို့စ်မှာတော့ ဂရင်းလန်းနဲ့ အာတိတ်ဒေသလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့ ဆိုပါတယ်။
ဒေါ်နယ်ထရန့်ကတော့ ပထဝီအနေအထားအရ အရေးပါတဲ့ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရယူသွားမယ်လို့ အခိုင်အမာဆိုထားပြီး ဒီကိစ္စကိုကန့်ကွက်တဲ့ ဥ‌ရောပနိုင်ငံတွေကို အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW