တိုကျို၊ ဇန်နဝါရီ-၂၁-၂၀၂၆
မျိုးဆက်(VOM)
ဂျပန်နိုင်ငံရဲ့ အလှုပ်ရှားဆုံး မီးတောင်တွေထဲက တခုဖြစ်တဲ့ အာဆိုမီးတောင်အနီးမှာ လူသုံးယောက် တင်ဆောင်လာတဲ့ ရှုခင်းကြည့်ရဟတ်ယာဉ်တစင်း ပျောက်ဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်က အာဆိုမြို့ရှိ တိရစ္ဆာန်ရုံကနေ ၁၀ မိနစ်ကြာ ခရီးစဉ်အတွက် ရဟတ်ယာဉ်ထွက်ခွာသွားခဲ့ပေမယ့် ပြန်ရောက်မလာတော့ဘူးလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
အာဆိုတောင်ရဲ့ တောင်ထိပ်ငါးခုအနက် တခုဖြစ်သည့် နာကာဒါကီ မီးတောင်ဝအတွင်းမှာ လေယာဉ်နဲ့တူတဲ့ အရာဝတ္ထုတခုကို ရဲတပ်ဖွဲ့ရဟတ်ယာဉ်တစင်းက ညနေ ၄ နာရီခန့်မှာ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးပါဘူး။
ရဟတ်ယာဉ်ရဲ့ အသက် ၆၄ နှစ်အရွယ် လေယာဉ်မှူးဟာ အတွေ့အကြုံ နှစ် ၄၀ ရှိတဲ့ ဝါရင့်စစ်မှုထမ်းဟောင်း လေယာဉ်မှူးတယောက်ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။ ခရီးသည်တွေကတော့ ထိုင်ဝမ်နိုင်ငံသား အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဖြစ်ပါတယ်။
အမေရိကန်လုပ် ရော်ဘင်ဆင် အာ၄၄ ရဟတ်ယာဉ်ဟာ အဲဒီနေ့က ရှုခင်းကြည့်ခရီးစဉ် သုံးခုပျံသန်းခဲ့ပြီး အစောပိုင်း ခရီးစဉ်နှစ်ကြိမ်မှာ ပြဿနာတစုံတရာမရှိခဲ့ပါဘူး ။ အခင်းဖြစ်ပွားခဲ့တဲ့နေ့က အဲဒီဒေသမှာ မိုးအုံ့နေတယ်လို့ သတင်းတွေက ဆိုပါတယ်။
အာဆိုတောင်ရဲ့ မီးတောင်ရှုခင်းတွေပေါ်မှာ ရဟတ်ယာဉ်ခရီးစဉ်တွေဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမာမိုတိုစီရင်စုရဲ့ အဓိက ခရီးသွားဆွဲဆောင်ရာနေရာတွေထဲက တခုဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ကလည်း အာဆိုမီးတောင်ပေါ်မှာ ပျံသန်းနေတဲ့ ရှုခင်းကြည့်ရဟတ်ယာဉ်တစင်း အရေးပေါ်ဆင်းသက်ခဲ့ပြီး လေယာဉ်ပေါ်ရှိ လူသုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
