ဆွစ်ဇာလန်သွားမယ့် သမ္မတထရန့်ရဲ့ Air Force One လေယာဉ် နည်းပညာ ပြဿနာကြောင့် ပြန်လည်ဆင်းသက်ခဲ့ရ

 

ဝါရှင်တန်၊ ဇန်နဝါရီ-၂၁-၂၀၂၆
ရတီ(VOM)
အမရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ Air Force One လေယာဉ်ဟာ အင်္ဂါနေ့ညနေပိုင်းက ဆွစ်ဇာလန်ကို ထွက်ခွာပြီး တနာရီခန့်အကြာမှာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် အင်ဒရူးစ်လေတပ်အခြေစိုက်စခန်းကို ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတရဲ့ Air Force One လေယာဉ်ပေါ်ရှိ လေယာဉ်အမှုထမ်းတွေဟာ အသေးစားလျှပ်စစ်ပြဿနာကို တွေ့ရှိခဲ့ပြီး ကြိုတင်ကာကွယ်မှုအဖြစ် နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်က ပြောပါတယ်။
လေယာဉ်ထွက်ခွာပြီးနောက် သတင်းစာရှင်းလင်းပွဲခန်းရှိ မီးများ ခဏတာ ပျက်သွားခဲ့ပေမယ့် ချက်ချင်းရှင်းလင်းချက် မပေးခဲ့ခဲ့ဘူးလို့ လေယာဉ်ပေါ်ရှိ သတင်းထောက်တယောက်က ပြောပါတယ်။ လေယာဉ်ပျံသန်းပြီး နာရီဝက်ခန့်အကြာမှာတော့ သတင်းထောက်တွေကို လေယာဉ်ပြန်လှည့်တော့မယ်လို့ အသိပေးခဲ့တယ်ဆိုပါတယ်။
သမ္မတထရန့်ကတော့ အခြားလေယာဉ်တစင်းနဲ့အတူ ဒါးဗို့စ်မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် အတွက် သူ့ရဲ့ ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ Air Force One အဖြစ် အသုံးပြုနေတဲ့ လေယာဉ်နှစ်စင်းဟာ ဆယ်စုနှစ် လေးခုနီးပါးကြာ အသုံးပြုပျံသန်းနေခဲ့တာပါ။ ဘိုးအင်းကုမ္ပဏီဟာ အစားထိုးလေယာဉ်တွေကို လုပ်ဆောင်နေပေမယ့် ဒီအစီအစဉ်မှာ နှောင့်နှေးမှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
လေယာဉ်တွေကို ဓါတ်ရောင်ခြည်ဒဏ်ကာကွယ်တာ ၊ ဒုံးကျည်ကာကွယ်ရေးနည်းပညာအပါအဝင် အရေးပေါ်အခြေအနေအမျိုးမျိုးမှာ သမ္မတအတွက် အသက်ရှင်နိုင်စွမ်းရှိစေဖို့ အကြီးအကျယ်ပြုပြင်မွမ်းမံထားသည်။ နည်းပညာတွေထဲမှာ သမ္မတဟာ စစ်တပ်နဲ့ အဆက်အသွယ်ရှိနေစေဖို့နဲ့ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို အမိန့်တွေထုတ်ပြန်နိုင်စေဖို့ ဆက်သွယ်ရေးစနစ်အမျိုးမျိုးလည်း ပါဝင်ပါတယ်။
ယမန်နှစ်ကတော့ ကာတာရဲ့ အာဏာရမိသားစုဟာ ထရန့်အတွက် Air Force One လေယာဉ်အုပ်စုမှာ ထည့်သွင်းဖို့ ဇိမ်ခံ Boeing 747-8 jumbo ဂျက်လေယာဉ်တစင်း လက်ဆောင်ပေးခဲ့ပြီး ဒီပေးပို့မှုမှာ စစ်ဆေးမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလေယာဉ်ကို လက်ရှိမှာတော့ လုံခြုံရေးလိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ ပြုပြင်မွမ်းမံနေပါတယ်။
Ref:AP
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW