ဖေဖော်ဝါရီလကစပြီး ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်

ဇန်နဝါရီ ၂၆၊ ၂၀၂၆
CC (VOM)
ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်တွေအတွက် ရထားလက်မှတ်ကို လာမယ့် ဖေဖော်ဝါရီလ ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်မယ့် အစီအစဥ်ကို ပထမဆုံးစတင်မှာ ဖြစ်တာကြောင့် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နဲ့ ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်တွေ ဖြစ်တဲ့ အမှတ် ၇ အဆန် နဲ့ ၈အစုန် ရထား ၊ အမှတ် ၃၁ အဆန် နဲ့ ၃၂အစုန် ရထားခရီးစဥ်အတွက်သာ အွန်လိုင်းကနေ လက်မှတ်ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အွန်လိုင်းကနေ လက်မှတ်ရောင်းချနိုင်ဖို့အတွက် အဆင့်ဆင့် စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ၊ လတ်တလောမှာ အက်ပလီကေးရှင်းက အဆင်မပြေသေးတဲ့ အတွက် ဝက်ဆိုက်ဘ်ကနေတဆင့်သာ လက်မှတ်ဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
” အကြမ်းဖျင်းမှန်းထားတာတော့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ အွန်လိုင်းကနေ ဘွတ်ကင်စပေးမယ် ။ ဝက်ဆိုက်ဘ်လင့်ခ်တခု ကြေငြာပေးမယ်။ လောလောဆယ် အက်ပလီကေးရှင်းမလုပ်နိုင်သေးတော့ အဲဒီလင့်ခ်ထဲဝင်လိုက်ရင် မီးရထားစာမျက်နာပေါ်လာမယ် ။အဲဒီမှာမှ အဆင့်ဆင့်တွေ လုပ်ရမှာပေါ့။ဒီမှာလည်း ဝန်ထမ်းတွေကို သင်တန်းပေးနေတယ်။အခုက အွန်လိုင်းကနေ လက်မှတ်ဖြတ်တဲ့အခါ ဘာတွေပြဿနာတွေဖြစ်နိုင်မလဲဆိုတာ ဖြစ်နိုင်တာတွေကို သေချာစစ်နေတုန်းပဲ ။ပြီးတော့ အွန်လိုင်းကနေ လက်မှတ်ဖြတ်ပြီး ဘူတာမှာ လက်မှတ်ပြန်လဲရမယ့် အခြေအနေတွေ အစရှိသဖြင့်ပေါ့ ။ ” လို့ မြန်မာ့မီးရထားဌာန ၊ ရန်ကုန်တိုင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရထားလက်မှတ်ကိုသာ အွန်လိုင်းကနေ ရောင်းချနိုင်ပါက လက်မှတ်မှောင်ခိုစျေးကွက်နဲ့ အချိန်ပေးပြီး ဘူတာရုံကိုသွားရောက်ကာ လက်မှတ်ဖြတ်ရတဲ့ အခြေအနေတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
” အွန်လိုင်းကနေသာ လက်မှတ်ဝယ်လို့ရပြီဆိုရင် ကားအစား ရထားပဲ ပြောင်းစီးတော့မယ် ။ ရထားကအဆင်ပြေတယ်။ အပေါ့အပါးအတွက်လည်း ပူစရာမလိုဘူး ။ နေရထိုင်ရတာလည်း လွတ်လပ်တယ်။ အခုက လက်မှတ်ဖြတ်ရတာ တကူးတကကြီး သွားပြီး တန်းစီဖြတ်တာတောင် ရမရ မသေချာလို့ မစီးဖြစ်တာ ။ ပြီးတော့ ရထားပေါ် လုံခြုံရေးလည်း သေချာလေးလုပ်ပေးစေချင်တယ်။ သူခိုးတွေက ပေါတယ် ။ ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ကနဦး သိရှိချက်အရတော့ အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူတဲ့အခါ ခရီးစဉ်အစအဆုံး ဘူတာအတွက်ဆိုရင် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွက်ဆိုရင် ၃ ရက် ကြိုတင်ပြီး ဝယ်ယူနိုင်ကြောင်း နဲ့ အွန်လိုင်းကနေ ဝယ်ယူထားတဲ့ ရထားလက်မှတ် e-Receipt ကိုတော့ ရထားမထွက်ခွာမှီ ၁ နာရီအလိုမှာ ကြိုတင်ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာမှာ လဲလှယ်ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်မှတ် ဝယ်ယူရာမှာ အသက် ၃ နှစ်အောက် ကလေးသူငယ်ကလွဲပြီး ရထားစီးနင်းသူအားလုံး လက်မှတ်ဝယ်ယူရမှာ ဖြစ်ကြောင်း ၊ လက်မှတ်ဝယ်ယူစဉ် ဖြည့်သွင်းခဲ့တဲ့ အမည်၊ နိုင်ငံသား မှတ်ပုံတင်အမှတ် ကိုင်ဆောင်သူသာ ရထားလိုက်ပါ စီးနင်းခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။
အွန်လိုင်းကနေ ဝယ်ယူထားတဲ့ လက်မှတ်ကို ဝယ်ယူထားတဲ့ နေ့၊ ဝယ်ယူထားတဲ့ ရထားမှာသာ စီးနင်းခွင့်ရှိပြီး ဝယ်ယူထားပြီး မသွားဖြစ်တဲ့ ခရီးစဉ်အတွက် လက်မှတ်ခငွေ ပြန်လည်အမ်းပေးမှာ မဟုတ်ဘူးလို့ စည်းကမ်းသတ်မှတ်ချက်အရ သိရပါတယ် ။
အွန်လိုင်းကနေ လက်မှတ်ဝယ်ယူတဲ့အခါ လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခ (Service Fee) အပြင် ဘဏ် ငွေကြေးဝန်ဆောင်ခ (Bank Transaction Fee) ကိုပါ ခရီးသည်ဘက်က ပေးဆောင်ရမှာ ဖြစ်တယ်လို့ လည်းစည်းကမ်းသတ်မှတ်ထားပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW