တောင်ကုတ်နဲ့ ပန်းတောင်းမြို့နယ် အစပ်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၃ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် အစပ်မှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
AA ပူးပေါင်းတပ်တွေဟာ ပဲခူး – ရခိုင်အစပ်က ပန်းတောင်း – တောင်ကုတ် ကားလမ်းပေါ်ရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အဲဒီ စခန်းကုန်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၆) ကြားရှိ နောက်ထပ် ကာကင်းစခန်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အစိုးရတပ်ဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းတွေ အသုံးပြုပြီး တန်ပြန် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာကတော့ နှစ်လနီးပါး ရှိနေပြီပေါ့။ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တကျော့ပြန်သိမ်းပြီး နောက်ပိုင်းမှာတော့ ပိုပြင်းထန်လာတယ် ပြောရမယ်။ ကျန်တဲ့ ကာကင်းစခန်းတွေကို AA က တခုပြီးတခု ဆက်တိုက် တိုက်နေတာ။ အစိုးရတပ်ဘက်ကလည်း ပါရာမိုတာရော၊ ဒရုန်းတွေရော တရစပ် သုံးလာတာ တွေ့ရတယ်။ တိုက်ပွဲ ပြင်းထန်လာလေ နှစ်ဖက် အထိအခိုက်လည်း များလေပဲ” လို့ သူက ပြောပါတယ်။
ပွိုင့် ၆၆၆ စခန်းကုန်းဟာ တောင်ကုတ်မြို့နယ်ဘက် ဝင်ပေါက်ဖြစ်တဲ့ ရိုးမပေါ်မှာ တည်ရှိတာဖြစ်ပြီး ပန်းတောင်းမြို့နယ်၊ ပုဂံကွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်ခြမ်းနဲ့ ၉ ကီလိုမီတာလောက်သာ ကွာဝေးတာဖြစ်တယ်လို့ ဆိုပါတယ်။
AA ပူးပေါင်းတပ်တွေဟာ အဲဒီ စခန်းကုန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က ပထမအကြိမ် သိမ်းပိုက်ခဲ့ပြီး အစိုးရတပ်ရဲ့ ပြန်လည် တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ပွိုင့် ၆၆၆ ဟာ စခန်းကုန်းလို့ ဆိုပေမယ့်လည်း ရှည်လျားတဲ့ တောင်ကြောပေါ်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ စခန်းတခု ဖြစ်တယ်လို့လည်း သိရပါတယ်။
“အခု ဒုတိယအကြိမ် ထိန်းချုပ်မှုကတော့ ရေရှည်ဖြစ်မလား။ ‌ခဏတာပဲလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့။ အစိုးရတပ်ရဲ့ တန်ပြန်ထိုးစစ်ကလည်း လေကြောင်းဖိအားပါ ရှိနေတာဆိုတော့လေ။ ပုံသေတော့ တွက်လို့မရသေးဘူးပေါ့။ စခန်းကုန်း တဝိုက်မှာ လေကြောင်း တိုက်ခိုက်မှုတွေက နေ့တိုင်းလို ရှိနေတာ။ လေကြောင်းအပြင်ကိုမှ မြေပြင်မှာလည်း အင်အား ဖြည့်တင်းနေတာတွေ ရှိနေတော့ စစ်ရေး အခြေအနေကတော့ ဆက်ပြီး တင်းမာနေလိမ့်ဦးမယ်” လို့ သူက ပြောပါတယ်။
မြေပြင်သတင်းတွေအရ လတ်တလော တိုက်ခိုက်ခံနေရတဲ့ ကာကင်းစခန်းတွေအနက် ကာကင်းစခန်းကုန်း နှစ်ခုကို AA ပူးပေါင်းတပ်တွေက ထပ်မံ ရရှိထားတယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ အစပ် ဧရာဝတီတိုင်းထဲက ဘောမိ မြစ်ကြောင်းတလျှောက်နဲ့ ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW