ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ရွာမှာ လေ​ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်သေ၊ ၁၀​ယောက်ထက်မနည်းဒဏ်ရာရ

မတ် ၂ ၊ ၂၀၂၆
CC (VOM)
စစ်ကိုင်းတိုင်း ၊ ပင်လည်ဘူးမြို့နယ် ၊ လိပ္ပုတ်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၀ ယောက်သေဆုံးကာ နောက်ထပ်လည်း ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့က မတ် ၁ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ ဒုတိယ အကြိမ်တိုက်ခိုက်မှုမှာ သေဆုံးမှုနဲ့ ထိခိုက်မှု များပြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ရွာအပြင်ကတောစပ်ထဲကို ‌အစုလိုက် အပြုံလိုက်ထွက်ပြေးနေချိန်မှာ ဒုတိယတကြိမ် ကြဲချတော့ တော်တော်များများ ထိသွားကြတယ်။ ခေါင်းပြတ်တဲ့သူက သုံးယောက်၊ ခါးတွေလည်းပြတ်တယ်။ ရုပ်ပျက်ဆင်းပျက်တွေဖြစ်ကုန်ကြတာ ။ ဒဏ်ရာ ရတဲ့သူတွေလည်းအများကြီးပဲ ။ဒဏ်ရာရတာက ၁၀ ယောက်တော့ မကဘူး ။ သေချာတော့ မရေလိုက်ရဘူး ။ ” လို့ ဒေသခံက ပြောပြ ပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေပြီး ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်ပြီး စိုးရိမ်ရသူတွေရှိနေတာကြောင့် သေဆုံးမှုအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ လည်းသူက ဆိုပါတယ်။
လတ်တလောမှာတော့ လိပ္ပုတ်ရွာ နဲ့ ကညင်ကုန်းရွာခံတွေအားလုံး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
အဆိုပါ ပင်လည်ဘူးမြို့နယ် လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရတပ်နဲ့ နီးစပ်သူတွေ ၊ အစိုးရတပ်ထောက်ခံသူတွေကတော့ ဒါဟာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေရှိရာကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်ဆိုပြီး ရေးသားပြောဆိုနေကြတာ တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ည ၇ နာရီလောက်ကလည်းစစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၀ ယောက်သေဆုံးကာ ငါး​ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ၊ ပဲနုပ်ဆွပ်ရွာမှာလည်း ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းကလေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက် သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW