အကျဥ်းထောင်အသီးသီးကနေ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဥ်းသူ အကျဥ်းသားတွေကို လွှတ်ပေးနေ

မတ် ၂ ၊ ၂၀၂၆
CC (VOM)
အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်ဒဏ်ကျခံနေသူတွေကို အကျဥ်းထောင်တွေကနေ လွှတ်ပေးနေပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ ပဲခူးတိုင်းရှိ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသား ၈၆ ယောက် ၊ ပေါင်းတည်အကျဥ်းထောင်က ၂၂ ယောက် ၊ ပြည်အကျဥ်းထောင်က ၄၈ ယောက် ၊ ဒိုက်ဦးအကျဥ်းထောင်က ၂၆ ယောက် ပြန်လွတ်လာတယ်လို့ ကနဦးသိရပါတယ်။
မိတ္ထီလာ အကျဥ်းထောက်ကနေလည်း နိုင်/ကျဥ်း ၂၉ ယောက် လွတ်လာတယ်လို့ သိရပါတယ် ။
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ် နိုင်/ ကျဥ်း​ဟောင်း တယောက်ဖြစ်သူ ကိုသန့်ဇင်ထက်က ” ပေါင်းတည်ထောင်က ၂၂ ယောက်လွတ်လာပြီ ။ ညနေ တယောက်ထပ်လွတ်မယ် ။ ခုလို နိုင်ကျဥ်းတွေကို လွှတ်ပေးတာ ကြိုဆိုပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အကောင်းဘက်ကို ရွေ့ လာမယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ၅၀ ညနဲ့ ကျနေသူတချို့ ပြန်မလွတ်သေးတာရှိနေသေးတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးစေ ချင်ပါတယ်။ ” လို့ ပြောပါတယ်။
ရန်ကုန် ၊ အင်းစိန်ထောင်ကနေလည်း နိုင်ငံရေးအကျဉ်းသား တွေအပါအဝင် အကျဥ်းသူအကျဥ်းသား ၁၀၀၀ ကျော်ကို စတင်လွှတ်ပေးနေပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်း မအူပင်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၄၆ ယောက် ၊ ကော့သောင်း အကျဥ်းထောင်က ၆ ယောက် ၊ ပခုက္ကူ အကျဥ်းထောင်က ၈၀ ၊ သထုံအကျဥ်းထောင်က ၆၁ ယောက် ၊ မြိတ်အကျဥ်းထောင်က ၂ ယောက် လွတ်လာတယ်လို့ ကနဦး သတင်းအရသိရပါတယ်။
လွိုင်ကော်အကျဥ်းထောင်ကလည်း နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဥ်းသူအကျဥ်းသား ၁၁၀ ကျော်လွတ်လာပြီး ကလေးအကျဥ်းထောင်ကလည်း နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဥ်းသူအကျဥ်းသား ၁၀၀ ကျော်လွတ်လာတယ်လို့ ကနဦး သိရပါတယ် ။
အလားတူ ကသာအကျဥ်းထောင်ကနေလည်း အကျဥ်းသူ အကျဥ်းသား ၂၇ ယောက်လွတ်လာပါတယ်။
မွန်ပြည်နယ်ထဲက နိုင်ငံရေး အကျဥ်းသူအကျဥ်းသား အပါအဝင် မော်လမြိုင်အကျဉ်းထောင် ၄၅ ယောက်၊ သထုံအကျဉ်းထော်က ၉၀ ကျော် ၊ ဇင်းကျိုက် ကုန်ထုတ်အကျဉ်းစခန်းမှ ၂၃ ယောက် ၊ အင်းဗြောင် ကုန်ထုတ်အကျဉ်းစခန်းမှ ၅ ယောက်နဲ့ ရင်းငြိမ် ကုန်ထုတ်အကျဉ်းစခန်းက ၃ ယောက်တို့ လွတ်လာတယ်လို့ သိရပါတယ် ။
မန္တ​လေးတိုင်းအတွင်း အိုးဘို၊ မြင်းခြံ၊​ ညောင်ဦး၊ရမည်းသင်း၊ မိတ္ထိလာ​ထောင်​တွေက​နေ ဒီက​နေ့မှာ အကျဥ်းသား ၃၄၁၉ ​ယောက် လွတ်​မြောက်ခဲ့ပါတယ်။
ဒီထဲကမှ မန္တ​လေး အိုး​ဘို​ထောင်မှာ ​ထောင်နှစ်ရှည်ကျခံ​နေရတဲ့ ဦးစ​​န္ဒေါဘာသ​ခေါ် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၀၆၅၊ အကျဥ်းသူ ၃၃​ယောက် စုစု​ပေါင်း ၁၃၉၈ ​ယောက်လွတ်​မြောက်ပါတယ်။
ဦးဥာဏ်ထွန်းဟာ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာ ဝေဇယန္တာ​ကျောင်းမှာ သီတင်းသုံးစဥ် သားဖြစ်သူ တောတွင်း PDF ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့ ကို​ကျော်ဆန်းဦးကို ​ကျောင်းမှာ ပုန်းခိုခွင့်​ပေးတဲ့အတွက် ​ထောင်နှစ်ရှည်ချခံခဲ့ရာက ခုလို လွတ်ငြိမ်းသက်သာခွင့်နဲဲ့ လွတ်​မြောက်လာတာဖြစ်ပါတယ်။
မြင်းခြံ၊​ ညောင်ဦး၊ရမည်းသင်း၊ မိတ္ထိလာ​ထောင်​​တွေက​တော့ အကျဥ်းသား ၁၃၆၉၊ အကျဥ်းသူ ၄၇၄ နဲ့ ကုန်ထုတ်စ​ခန်းတွေက အကျဥ်းသား ၁၆၀ အကျဥ်းသူ ၁၈ ​ယောက် စုစု​ပေါင်း မန္တ​လေးတိုင်းက ၃၄၁၉ ​ယောက်လွတ်​မြောက်တယ်လို့သိရပါတယ်။
အစိုးရက မတ်လ ၂ ရက် တောင်သူလယ်သမားနေ့အထိမ်း အမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်မှုကျူးလွန်ပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ (၁) အရ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ၎င်းတို့ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်အပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ် ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) ပြစ်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ယောက်ကိုလည်း တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းပြီး တရားခံများကို အမှုမှလွှတ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူ ၂၈၂၅ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်အပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
နောက်ပြီး အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁ဝ ယောက်ကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ ပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်အပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
ဒါအပြင် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက် အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပါတယ်။
ဓာတ်ပုံ – ကိုဇော်ယုထွန်း

Related posts

Leave a Comment

VOM News

FREE
VIEW