ဆူးငှက်
မှတ်မိကြသလား မန်းသီတာ
——————————–
မန္တလေးမှာ အထင်ကရရှိတာက ကျုံး မြိ့ုရိုး ပြအိုးပြာသာဒ်များပဲဖြစ်သည်။ တကယ်တော့ မန္တလေးမှာ တောင်ဘက်ကျုံးနှုတ်ခမ်းက ၂၆ဘီလမ်းသည် အလှဆုံးဖြစ်၏။ တောင်ဘက်ကျုံးအတွင်း မန်းသီတာဥယျာဉ် အတွင်းမှ ကျုံးရေပြင်ကိုဖြတ်ပြီး ၂၆ဘီလမ်းကို လှမ်းကြည့်ရတာ ကြည်နူး ပျော်ရွှင်စရာ ကောင်းလှသည်။ သည်ဘက်ခြမ်း ဥယျာဉ်ထဲမှာက သစ်ပင် စိမ်းမြရိပ်တွေ လွှမ်း၏။ ကျေးငှက် သံတွေက စီစီညံနေသည်။ ကျုံးရေစပ်မှာ ပျံချည် ဆင်းချည် ရေသောက်ဆင်း၏။ ဥယျာဉ်တွင်း ကျောက်တုံးရောင်စုံခင်း လမ်းဘေးမှာလည်း သွင်သွင်စီး ရေမြောင်းလေးတွေ ရှိသေးသည်။ သည်လို တောရိပ်တောင်ရိပ် လွှမ်းသော ဥယျာဉ်တွင်း က ကျုံးရေပြင်ကိုဖြတ်ပြီး ယာဉ်ပေါင်းစုံ တဝေါဝေါ ဖြတ်သန်းနေသော ၂၆ဘီလမ်းကြီးကို လှမ်းကြည့်ရတာ ရင်ခုန်ဖွယ် ကောင်းလှသည်။ အိပ်မက်ကမ္ဘာအတွင်းက ပစ္စုပ္ပန်သို့ အလည်ရောက်ရခြင်းနှင့် တူလှ၏။
၁၉၅၈ခုနှစ် လောက်ကတည်းက တောင်ဘက်ကျုံးအတွင်း မြို့ရိုးနှင့်ကျုံးအကြား မြေကွက်လပ်မှာ လူထုအပန်းဖြေ ဥယျာဉ်ကြီးတစ်ခု ရှိခဲ့ဖူးသည်။ အရှေ့ဘက် မင်္ဂလာတံခါးမှသည် အနောက်ဘက် ၇၉လမ်းအထိ ရှည်လျားတာပေါ့။ ထိုစဉ်က ဥယျာဉ်အတွင်း စိုက်ထူထားသော ကျောက်စာအရ မန်းသီတာဥယျာဉ်သည် တစ်ခေတ် တစ်ခါက နာမည်ကျော်ကြားခဲ့သော မသုံးလုံး နယ်မြေသို့ အောင်မာဃ စစ်ဆင်ရေး ဆင်နွှဲရာတွင် ဖက်ဆစ် တော်လှန်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲ ကာလကတည်းက နာမည်ကျော်ကြားခဲ့သည့် ဗိုလ်အာဠာဝကကို ဖမ်းဆီးနိုင်သည့် အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ချီးမြှင့်သည့် ဆုငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်သားဖူးသည်။ ထိုစဉ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယု ဟု မှတ်သားရသည်။
ဥပုသ်ကဲ့သို့ မန္တလေးအလုပ်ပိတ်ရက်များ၊ အခါကြီးရက်ကြီး များဆိုလျှင် ဥယျာဉ်ထဲတွင် လာရောက် အပန်းဖြေသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလှ၏။ ဥယျာဉ်ထဲမှာ ကလေးများ အတွက် ကစားစရာတွေရှိသည်။ အနားယူ အပန်းဖြေစရာ အရိပ်အာဝါသရှိသည်။ မိုးပျံတံတားဆိုတာလည်း ရှိသည်။ အခါကြီးရက်ကြီးများ၌ ဖျော်ဖြေရန်အတွက် တီးဝိုင်းစင်မြင့်လည်း ရှိသည်။ အမှတ်တရ ဓာတ်ပုံဆိုင်လည်း ရှိသည်။ ပြန်ကြားရေး စာကြည့်တိုက်လည်း ရှိသည်။ စားသောက်ဆိုင်တွေ ရှိသည်။ စည်ဘီယာဆိုင်လည်း ဖွင့်သည်။ မန်းသီတာဥယျာဉ်နှင့် ပတ်သက်၍ မန္တလေးသားတွေ အမှတ်ရဆုံးက တစ်နှစ်တစ်ခါ ကျင်းပသော လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများပဲ ဖြစ်ပါသည်။ ထိုစဉ်က လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျုံးအတွင်း မန်းသီတာဥယျာဉ်မှာ ရော ကျုံးအနောက်ဘက် ကွင်းပြင်မှာရော ခုနစ်ရက်ခုနစ်လီ တခမ်းတနား ကျင်းပသည်။
မှတ်မှတ်ရရ မန်းသီတာ
————————
မြို့ရိုးပတ်ပတ်လည် သူရဲခိုတွေ နိုင်ငံတော်အလံတွေ တလူလူလွှင့်ထူကြသည်။ ပြီးတော့ မီးလုံးရောင်စုံတွေ အလုံးရေ သိန်းချီ၍ ထွန်းညှိသည်။ ကျုံးရေပြင်မှာ ရေပန်းတွေဆင်၏။ မန်းသီတာဥယျာဉ်ထဲ ရန်ပုံငွေဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ပြခန်းတွေ၊ အဆိုအက ပြိုင်ပွဲတွေ၊ ပန်းချီပြိုင်ပွဲတွေ၊ ကာတွန်းပြိုင်ပွဲတွေ၊ ဆောင်းပါးပြိုင်ပွဲတွေ ကျင်းပ၏။ မန္တလေးမြို့ပေါ်မှ တူရိယာအသင်းကြီး တွေကလည်း ညစဉ် အလှည့်ကျ ဖျော်ဖြေသည်။ အငြိမ့်တွေလည်း ပါသည်။ ဇာတ်တွေလည်း ပါသည်။ အနောက်ဖက်ကျုံးတွင်း ကွက်လပ်မှာ လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဘတ်စ်ကတ်ဘော ပြိုင်ပွဲ၊ သေနတ်ပစ် ပြိုင်ပွဲတွေလည်းရှိသည်။ နာမည်ကျော် အနုပညာရှင်များ ပါဝင်သည့် ဂီတပဒေသာ ကပွဲဆိုတာလည်း အာဠဝီတံတားအနီးက ဇာတ်ရုံကြီးမှာ တင်ဆက် ကပြသည်။
တစ်နှစ်ဆီကများ ကျုံးအတွင်းရေပြင်၌ ရေတပ်တိုက်ပွဲ အခင်းအကျင်း နမူနာလည်း ပြသသည်။ ထိုရက်များ အတွင်း မန္တလေးတစ်မြို့လုံး လမ်းမကြီးတွေသာမက လမ်းကြိုလမ်းကြားအထိ ဘတ်စ်ကားတွေ၊ မြင်းလှည်း တွေ၊ ဆိုက်ကားတွေက အလံတလူလူ လွှင့်ပြီး “အောင်ပွဲကိုအောင်ပွဲကို”ဟု တကြော်ကြော်အော်ရင်း ပါဆင်ဂျာ စုသည်။ ညနေရာက်တော့လည်း အောင်ပွဲဆီက လူသံတွေ တီးသံ မှုတ်သံတွေ တခြိမ့်ခြိမ့်ညံ နေသည်။ ယုတ်စွအဆုံး အောင်ပွဲ ပွဲခင်း ကြီးကို တစ်နေ့နှစ်ကြိမ် ဖြတ်သန်းသွားသော မန္တလေး-မတ္တရာ မီးရထား၏ ရေနွေးငွေ့ စက်ခေါင်းကြီးမှာပင် သပြေပန်းတွေ တဝေေ၀ အလံတွေတလူလူ ဥသြသံတညံညံပေးရင်း ဖြတ်သန်း ဂုဏ်ပြုသွားသေးသည်။ လွတ်လပ်ရေးနေ့ အခမ်းအနား နီးသည်နှင့် အထိမ်းအမှတ် ပို့စ်ကတ်တွေလည်း အမှတ်တရ ထွက်လာသည်။ စောစော ဝယ်မထားလျှင်ဖြင့် မြန်မြန်ကုန် သွားတတ်သည်။ မန္တလေးမြို့မှ နာမည်ကျော် ပန်းချီဆရာကြီးများက အောင်ပွဲ အထိမ်းအမှတ် ပို့စ်ကတ် ပန်းချီကားတွေ ရေးဆွဲပေးသည့် ထူးထူးခြားခြား လက်ရာများဖြစ်သည်။
ရည်းစားနဲ့ မန်းသီတာသွားဖူးသလား
—————————————
ထိုစဉ်ကာလ သမီးရည်းစား ဖြစ်ကြပြီဆိုလျှင် တခြားဘယ်နေရာကို မသွားဖြစ်သည် ဖြစ်စေ၊ မန်းသီတာ ဥယျာဉ်သို့ စုံတွဲ သွားဖူးမှသာ သမီးရည်းစား ဂုဏ်မြောက်သည်။ နောက်မှသာ ရုပ်ရှင်ကြည့်ချင်ကြည့်၊ မန္တလေးတောင်ကို ဘိုးဘိုးကြိးစောင်းတန်းက တက်ချင်တက်ကြလေ။ မန်းသီတာဥယျာဉ်က မြို့လယ် အကွက်အကွင်းကျသည့်နေရာတွင် တည်ရှိပြီး သွားရေးလာရေးလွယ်ကူသည်။ ထို့ပြင် မင်္ဂလာတံခါးအပေါက်က ဖြစ်စေ၊ အလယ်ခေါင် မေတ္တာပေါင်းကူး တံတား အပေါက်က ဖြစ်စေ၊ အနောက်ဘက် မတ္တရာ ရထားလမ်း အပေါက်ကဖြစ်စေ၊ သိုသိုသိပ်သိပ် ဝင်နိုင်သည်။
ဥယျာဉ်အတွင်း ရောက်သည်နှင့် ပန်းရုံ ပန်းခုံ ပန်းခြုံအရိပ်တွေမှာ အနှောက်အယှက်မရှိ ထိုင်နိုင်သည်။ ဥယျာဉ်ကလည်း ညနေ ၆နာရီလောက်မှ ပိတ်တာမို့ အေးအေးလူလူ နေပေရော။ နေံလယ်နေ့ခင်းအတွက် ဥယျာဉ်ထမြှာလည်း ထမင်းဆီဆမ်းနှင့် အသုတ်မျိုးစုံရသေး၏။ ပြီးတော့ ဥယျာဉ်မှာ ဘာကြေးညာကြေးမရှိ။ မြေပြင် ပန်းရုံတွေအောက် မထိုင်ချင်လည်း မိုးပျံတံတားဟုခေါ်သည့် ပေ ၂၀ခန်းမြင့်သော အလိမ်အကောက် ကွန်ကရစ်တံတားပေါ် ထိုင်နိုင်သေး သည်။ ထိုတံတားပေါ်သို့ ကလေးအုပ်စုလာမှသာ တက်ကြလို့ သီးခြားဆန်ပါ၏။ ထို့ကြောင့် မန်းသီတာဥယျာဉ်သည် ထိုစဉ်က မန္တလေးသမီးရည်းစားများအတွက် လွတ်လပ်အေးချမ်းသည့် အေဒင်ဥယျာဉ် ဖြစ်ပါသည်။
ရည်းစား ချိန်းတွေ့ ဗျူဟာ
—————————
ကျွန်တော်လည်း သမီးရည်းစားဟု ဆိုနိုင်သော သက်တမ်း ၅ရက်မပြည့်မီမှာပင် သူ့ဘက်က စတင်၍ မန်းသီတာ ဥယျာဉ်မှာ နက်ဖြန်မနက် ၉နာရီမှာ တွေ့ကြရအောင်ဟု ချိန်းဆိုခံရသည်ဟု ဆိုလျှင် အဆွေ စာရှုသူတို့က ကျွန်တော့်ကို အာဂယောက်ျားဟု “ဗရာဘို” လုပ်ကြပေရော့။ ကျွန်တော်လည်း ထိုသို့ ချိန်းဆိုခံရကတည်းက ရင်တွေ ခုန်လိုက်တာ တဒိန်းဒိန်းနှင့် ဟိန္ဒူမင်္ဂလာပွဲက ဘင်ခရာအဖွဲ့နှင့် အပြိုင်ဖြစ်သည်။ တဆက်တည်းပင် မန်းသီတာမှာ ချိန်းတွေ့ဖူးသော အိမ်ထောင်သည် အစ်ကိုများထံ မန်းသီတာ၏ အဖြူရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အနက်ရောင်နယ်မြေများ၏ မြေပုံကို လေ့လာမေးမြန်းရသည်။ သူတို့ကလည်း လွတ်လပ်မှုလည်းရှိ၊ ထီးကျိုးစည်ပေါက်လည်း မဖြစ်စေသော အန္တရာယ်ကင်း နေရာများကို ညွှန်းသည်။
ထို့ပြင် အန္တရယ်ရှိနိုင်သည့် ချောင်းမြောင်းမှုများမှာ မြေပြင်မှာထက် မိမိမျှော်လင့်မထားသော အပေါ်ဆင့် သူရဲခိုများအကြားက ပိုမိုများပြားသောကြောင့် လူရှင်းသည်ဟုဆိုကာ မြို့ရိုးအခြေနားက ပန်းရုံများကို ရှောင်သင့်သည် ကိုလည်း သေချာ သတိပေးကြသည်။ အကောင်းဆုံးကတော့ လူလည်းသိပ်မပြတ်ဘဲ အနားသို့ ကပ်မလာနိုင်သည့် အမိုးပါ အဆောင်လေးများက ခုံမှာပဲ ဣန္ဒြေရရ ထိုင်တာ အကောင်းဆုံးဖြစ်ကြောင်း။ အခြားသူများက မြင်နေရသောကြောင့် ဤအတွဲမှာ ချောင်းလောက်အောင် ကဲကဲသည်းသည်း မဖြစ်နိုင်ဟု ယူဆကြသောကြောင့် အာရုံစိုက်ကြမှာမဟုတ်ဘဲ သူတို့လမ်း သူတို့ သွားကြမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် လူပြတ်မှသာ ပလင် ဘီ၊ လလင် စီတို့ကို မိမိဆန္ဒအတိုင်း ရေလဲနှင့် သုံးစွဲနိုင်ကြောင်း လမ်းညွှန်ကြ၏။ ထို့ပြင် မမေ့မလျော့ မှာတာက စာအုပ်နည်းနည်းလေးပဲ ထည့်ထားသည့် လွယ်အိတ်ကို ယူဆောင်ဖို့၊ အင်္ကျီ သို့မဟုတ် တဘက်ကဲ့သို့ အပိုကိုလည်း ယူဆောင်ဖို့ လိုကြောင်း အဘယ်ကြောင့် ဆိုသော် ထို လွယ်အိတ် အင်္ကျီ တဘက် စသည်တို့က မိမိလက်၏ လားရာနှင့် အသွားအလာလမ်းကြောင်းတို့ကို အကာအကွယ် ပေးသော စိတ်ချရသည့် ပစ္စည်းများဖြစ်ကြောင်း တို့ကိုလည်း အသေးစိတ်မှာကြားထားသည်။
ထိုနေ့ညက တစ်ညလုံး အိပ်မပျော်။ နက်ဖြန်အတွက် စစ်ဆင်ရေးတွေ စိတ်ကူးနှင့် ဆင်နွဲနေမိသည်။ သည်လိုနှင့် မိုးလင်းခါနီးမှ မှေးခနဲ ပျော်သွားသည်။ မနက်လင်းတော့ မျက်နှာသစ်နေစဉ်မှာပဲ ကိုဝင်းမောင် ရောက်လာပြီး မျက်နှာရိပ် မျက်နှာကဲ ပြသည်။ ကျွန်တော်လည်း အဝတ်အစားလဲကာ အင်္ကျီအပိုလေးယူကာ လွယ်အိတ်လွယ်ကာ ကိုဝင်းမောင် စက်ဘီးနောက်က လိုက်သွား၏။ ကိုဝင်းမောင်က “ဆရာ့ကို ကျွန်တော် ၇၆လမ်းထိပ် သိင်္ဂီရွှေရည် တိုက်နားချထားခဲ့မယ်။ မေတ္တာပေါင်းကူးတံတားကသာ ဝင်သွားလိုက်တော့။ တံတားထိပ် ဥယျာဉ်ထဲမှာ စောင့်နေမယ်တဲ့။ သူတို့က သွားနှင့် ကြပြီ။ ကျွန်တော် ဘယ်အချိန် ပြန်လာခေါ်ရမလဲ” ဆိုတော့ ကျွန်တော်က နောက်ဆံမငင်ဘဲ စိတ်လွတ်လက်လွတ် နေချင်တာမို့ လာမခေါ်နဲ့တော့၊ ဘတ်စ်ကားနဲ့ပဲ ပြန်ခဲ့တော့မယ်ဟု သူ့ကို နှင်လိုက်ရတော့သည်။
မေတ္တာပေါင်းကူးတံတားက တဆင့်
————————————-
သည်လိုနှင့် စက်ဘီးပေါ်ကဆင်း၊ လမ်းမတစ်ဘက်ကို ကူပြီး ကုက္ကိုပင်အောက် ခဏရပ်ကာ အသက်ကိုဝဝ ရှူပြီး မေတ္တာပေါင်းကူး တံတားပေါ်ကနေ ဥယျာဉ်ထဲ ဝင်လိုက်တော့၏။ မနက်ခင်းလေပြည်က ကျုံးရေပြင်ကို လျှပ်တိုက်ပြေးကာ လူကိုလည်း ဖက်ရမ်းနှုတ်ဆက်လိုက်သည်။ ဂယက်ထသွားသော ကျုံးရေကြည်ကြည်အောက်က ရေညို့ညို့မှာ မှော်ပင်အုပ်ကြား ငါးလေးတွေ လိုက်တမ်းပြေးတမ်း ကစားနေကြ၏။ ကျွန်တော်က တံတားတစ်ဘက်ရောက်လုမှာပင် တံတားထိပ်ကို လှမ်းကြည့်လိုက်တော့ ရှပ်အင်္ကျီအကွက်ကျဲခရမ်းရင့်နှင့် သူရောက်နေပြီး ကျွန်တော့်ဆီ ကြည့်နေလို့ လှမ်းလက်ပြလိုက်သည်။
ကျွန်တော်လည်း ခပ်သွက်သွက်နှင့် သူ့ဘေးရောက်အောင်သွားကာ ရောက်နေတာကြာပြီလား၊ စက်ဘီးက ဘယ်မှာ အနောက်ဘက်အပေါက်မှာ အပ်ခဲ့တာလားဟု မေးရင်း အနားကပ်လိုက်၏။ သူက ကိုယ်ကို ရို့လိုက်ပြီး ကျွန်တော်တို့က သင်္ဘောတန်းထိပ်က ဘတ်စ်ကားစီးလာကြတာ ဟု ဖြေတော့ ကျွန်တော် ဇဝေဇဝါဖြစ်သွားသည်။ ကျွန်တော် မဟုတ်ဘဲ ကျွန်တော်တို့၊ ပြီးတော့ လာတာ မဟုတ်ဘဲ လာကြတာ၊ ပြီးတော့ စက်ဘီးနှင့် မဟုတ်ဘဲ ဘတ်စ်ကားနှင့်။ ကျွန်တော်လည်း အံံအားသင့်သော အမူအရာဖြင့် သူ့ကို ကြည့်မိဆဲ သူက လာဦး ဟိုမှာ အန်တီစောင့်နေတယ်၊ သွားကြရအောင် တဲ့။ ဘယ့်နှယ် ဘယ့်နှယ်..။
တံတားထိပ် အရှေ့နား ရှေ့သို့ဓာတ်ပုံဆိုင်ရှေ့ ခုံမှာ အရင်နေ့က ရဟိုင်းသုဿာန်ဘက် နယ်ကျွန် သွားစဉ် သူနှင့် အဖော်လိုက်လာသော သူ့ညီမ ဝမ်းကွဲနှင့်အတူ အသက်၄၀ကျော်အရွယ် မျက်မှန်နှင့် ခပ်ခန့်ခန့် အမျိုးသျွးတစ်ဦးက ကျွန်တော်တို့ကို ပြုံးကြည့်နေသည်။ သူက အန်တီ ဒီမယ်လာပြီ။ ကိုကျော်ဆန်းတဲ့၊ ကျွန်တော်ပြောတာ သူလေ။ ကိုကျော်ဆန်း ဒါက ကျွန်တော့် အဒေါ်လေ၊ မေမေ့ အထက်က ဟု မိတ်ဆက်သလိုပြောတော့ ကျွန်တော့မှာ ဟုတ်ကဲ့ဟုပြောရမလို၊ တွေ့ရတာဝမ်းသာပါတယ်ဟု ပြောကာ လက်ဆွဲ နှုတ်ဆက်ရမလိုနှင့် အူကြောင်ကြောင်ဖြစ်လို့။ ထိုစဉ် အန်တီက ဘေးမှာချထားသော အိတ်ကိုပွေ့ပြီး လာ မောင်ကျော်ဆန်းတဲ့လား၊ အန်တီတို့ တစ်နေရာရာသွားပြီး စကားပြောကြရအောင်ဟုဆိုကာ မတ်တတ်ရပ်သည်။ ထို့နောက် မြောက်နားက အမိုးနှင့် ပန်းရုံအောက်က ပစောက်ပုံ ခုံမှာ သူနှင့် ကျွန်တော်က တစ်ဘက် သူ့ညီမနှင့် အန်တီက တစ်ဘက် မျက်နှာချင်းဆိုင်ထိုင်ကြ၏။
ကျွန်တော်က ၂၄နှစ်၊ သူက ၁၉နှစ်
———————————-
ထိုင်လိုက်ပြီး ခဏအကြာ အန်တီက စကားစပြောသည်။ အန်တီက ကျွန်တော့်ကို ပြုံ၍ကြည့်ပြီး သူပြောမယ့် စကားတွေကို သေချာ နားထောင်ပေးပါဟု ဆိုပြီး ဤသို့ စကားဆက်သည်။ ဒီလို “အန်တီက ဟိုနေ့ညက သူတို့၂ယောက်သား ညနေ ထမင်းစားပြီး ဒီနားခဏ အန်တီဆိုပြီး စက်ဘီးနဲ့ ထွက်သွားကြတော့ ဒို့က နာရီစင် အနောက်ဘက် မန်ကျည်းရိပ်က အကြော်သွားဝယ်ကြတာအောက်မေ့တာ။ အတော်ကြာမျ ၈နာရီခွဲကျော် မောကြီးပန်းကြီး ပြန်လာမှ မင်းနဲ့ သွားကြတယ်ဆိုတာ သိတာ၊ လမ်းမှားပြီး ကြာသွားကြတာဆို၊ ဒို့လည်း သူ့ကို အုပ်ထိန်းသူဆိုတော့ ပွင့်ပွင့်လင်းလင်း မေးရတော့တာပေါ့။ ကိုယ့်တူမကလည်း မလိမ်မညာတတ်ပါဘူး အမှန်အတိုင်း ဝန်ခံရှာပါတယ်။ ဘာပဲပြောပြော မင်းက ပညာတတ် တစ်ယောက်ပဲ၊ ဒို့က ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ညကြီးမိုးချုပ် အခုလို သွားကြလာကြတော့ စိတ်ပူရတာပေါ့။ ပြီးတော့ သူ့အဖေကြီးသာ သိသွားရင် မလွယ်ဘူး၊ အဖေကြီးကလည်း စိတ်ကောင်းမှာ မဟုတ်ဘူး၊ အဲ့ဒါနဲ့ ဒို့လည်း သူ့ကို တူမရယ် မောင်ကျော်ဆန်းကို ဒို့လည်း တွေ့ချင် စကားပြောချင်ပါတယ်။ တွေ့ကြရအောင်လို့ ပြောလို့ သူက မင်းကို အခုလို ခေါ်လိုက်တာပါ။
အန်တီကလည်း ဒီမနက်ပိုင်းလေးပဲ အားလို့ သူ့အဖေကြီး မသိအောင် ဒို့ တူအရီးတွေ ထွက်လာကြတာ။ ဒီတော့ မင်းလည်း အခုလို တူမကို အပြင်မှာညကြီးမိုးချုပ်မတွေ့ပါနဲ့။ အိမ်မှာပဲ လာတွေ့ပါ ၊ သွားစရာရှိလည်း သူတင်မက သူ့ညီမတွေ အစ်မတွေရော အဖော်ခေါ် သွားကြပေါ့။ အန်တီကလည် ဒီအခြေအနေကို သူ့အဖေကြီးဆီ ရောက်တာနဲ့ တင်ပြလိုက်ပါမယ်။ မင်းဘက်ကလည်း မိသားဖသားပီပီ မိဘတွေနဲ့ သူ့အဖေကြီးကို လာတွေ့ပြီး ပြောဆိုလိုက်ပေါ့။ ဒါဆို မင်းလည်း အိမ်ကို ဝင်လို့ ထွက်လို့ ကောင်းသွားတာပေါ့။ ကျန်တဲ့ အန်တီတို့ မောင်နှမတွေ သူ့အမေအပါအဝင်ပေါ့ အားလုံး လက်ခံအဆင်ပြေအောင် အန်တီအောင် အန်တီ တာဝန်ယူပါတယ်။ အဲ့ဒါလေး ပြောချင်လို့ မင်းကို အန်တီက ခေါ်ခိုင်းလိုက်တာပါဟု ရှင်းပြပြောဆိုတော့သည်။
ကျွန်တော်က လက်လေးနှစ်ဖက် စုကိုင်ကာ နားထောင်ရင်း စိတ်ထဲမှာတင် ဆုံးဖြတ်ချက်တွေ ဆက်တိုက် ချနေတော့သည်။ ကျွန်တော် အိမ်ထောင်ပြုမည်။ အခု အသက်က ၂၄နှစ်ကျော်ပြီးပဲ။ ကိုမြင့်အောင်အိမ်မှာ ပထမဆုံးတွေ့သည့် ညက သူ့အသက်မေးတော့ ၁၉၆၃ခုနှစ် တော်လှန်ရေးနေ့ ညမှာ စစ်ကြောင်းတွေ ၈၄လမ်းမှာ မီးတုတ်တွေနှင့် လှည့်စဉ် မွေးတာကို မေမေက အမြဲပြောတယ် ဆိုတော့ အခု ၁၉၈၂မှာ ၁၉နှစ်ပေါ့။
ဝင်ငွေမရှိတဲ့ သားကို အိမ်ထောင်မပြုသေးဘူးလားတဲ့
——————————————————–
ကျွန်တော်ဘွဲ့ရတော့ အသက် ၂၁နှစ်ထဲမှာ ဖြစ်သည်။ တကယ်တမ်း ထိုအချိန် အိမ်မှာ ဝင်ငွေက အဘ လုပ်အားခပဲ အမာခံရှိသည်။ အမေက မနက်ဈေး ညနေဈေးလည်း မထွက်နိုင်တော့။ မနက် တစ်ချိန်ပဲ သူ့ဖောက်သည်များဆီ ဆီ ၂ပိဿာခွဲဝင်ပုံးလေး ခေါင်းပေါ်ရွက်ပြီး သွားပို့ရောင်းချတာပဲရှိသည်။ ဒါကလည်း အမြတ်အစွန်းထက် တွေ့နေကျ ဖောက်သည်တွေကို တွေ့ချင်တာနှင့် ခြေညောင်းလက်ဆန့် သွားလို၍ ဈေးရောင်းတာကို ရမယ်ရှာခြင်း ဖြစ်သည်။ အဘ လုပ်အားခလည်း ဘာရှိမှာလဲ။ တစ်နေ့ ၃ကျပ် ၈၅ပြား၊ အမေ့ ဆီရောင်းအမြတ် ကလည်း ဘာရှိမှာလဲ။ လွန်ရော ကျွံရော ၄ကျပ် ၅ကျပ်ပေါ့။ စားအိုးကတော့ မကြီး။ အဘ အမေ နှင့် ကျွန်တော် ၃ယောက်ပါပဲ။ မမခင်လှတို့က သူ့သားသမီး၇ယောက်နဲ့ သူ့အိုးစားနှင့်သူ။ သူတို့ကလည်း မနည်း ရုန်းကန်နေကြရသည်။ အဘနှင့် အမေ့မှာတော့ မုံရွာ မမခင်ရီက တစ်လတကြိမ်လောက် ငွေ၁၀၀ မျိုး ၂၀၀ မျိုး အမြဲ ကန်တော့ပါသည်။
ထိုအခြေအနေတွင် ကျွန်တော်က ဘွဲ့ရပြီးစ ဘာဝင်ငွေမှ မရှိ။ အဘထမင်းအိုး ဟင်းအိုးကို အချိန်တန်လျှင် ဝင်နှိုက်ပြီး မနက်လင်းတိုင်း အမေ့ဆီက မုန့်ဖိုး ၁ကျပ်၊ ၁ကျပ်ခွဲ တောင်းသေးသည်။ သည်ကြားထဲ ကျွန်တော်က ဟင်းချေးများ သေးသည်။ ကျွန်တော်ချေးများတာက တစ်မျိုး၊ သူများလို ဟင်းမကောင်းလို့ မဟုတ်။ အသားတွေ အတုံးလိုက် အတစ်လိုက် ချက်လျှင် မစားခြင်း ဖြစ်သည်။ ဝက်သား ချက်မစား။ အသားချည်း သက်သက်ကြော်လျှင် စားသည်။ ဝက်အူချောင်းကြော် စားသည်။ အမဲသားချက် မစား၊ အမဲခြောက်ဖုတ်ကျ စားသည်။ ဆိတ်သားမစား။ ကြက်သားကို အကြော်ပဲ စားသည်။ ငါးလည်း မစား။ သေချာပေါက်စားတာက ပုဇွန်ခြောက် ငါးပိချက်နှင့် ဘဲဥပြုတ် ဘဲဥကြော်ဖြစ်သည်။ အိမ်မှာ အသားဟင်းစပယ်ရှယ် ချက်သည့်နေ့ဆိုလျှင် ကျွန်တော်က စိတ်ကောက်တော့သည်။ ထိုအခါ အမေက အိမ်ရှိ ခရမ်းချဉ်သီးလေး ကြက်သွန်လေးနှင့် ငါးပိနည်းနည်းထည့်ကာ ဒလိမ့်ထိုးပြီး ငါးပိချက်လေး အမြန်ချက်၍ ဒေါ်ရင်ဆိုင်က ဘဲဥတစ်လုံး အမြန်ဝယ်ပြီး ကြော်ပေးရသည်။
သည်လို ဝင်ငွေမရှိသော B.Sc ဘွဲ့ရက အိမ်မှာ ဗိုလ်ကျနေသည်။ သည်လိုနှင့် ဘွဲ့ရပြီး ၂နှစ်လောက် အကြာ ကိုကျော်ဝင်း(လှဂုဏ်ရည်) က ဓာတ်ပုံပညာသင်ပေးပြီး အလုပ်ကူစေကာ လကုန်လျှင် မုန့်ဖိုး ၂၀၀ လောက်ပေးမှ အိမ်ကို အပ်နိုင်သည်။ သို့သော် အဘ က မယူပါ။ အဝတ်အစားလေးဘာလေး ဝယ်ခိုင်းကာ ကျွန်တော့်ကိုပဲ ပြန်ပေးသည်။ ထိုသို့ ရတာလေး အိမ်သို့ အပ်သည်ဟု မည်ကာမတ္တ အရာထင်စတွင် အဘက ကျွန်တော့်ကို ၂ကိုယ်ကြား မေးတော့သည်။ မင်းလည်း ဘွဲ့ရပြီပဲ၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်တာ မရှိဘူးလားတဲ့။ ရှေးလူကြီးများ အဲ့လို၊ သားကို တင်ကျွေးထားရုံမက ချွေးမကိုပါ တင်ကျွေးထားချင်နေသည်။ ကျွန်တော်ကလည်း ထိုစဉ်က ကိုယ်ကပိုးလိုက် လင်နောက်လိုက် မို့ လက်ဆုတ် လက်ကိုင် ဘာဆိုဘာမှ မရှိတော့ ရှက်ကိုးရှက်ကမ်းနှင့် “ဟာဗျာ…၊ ဘယ်သူမှ မရှိပါဘူးဗျာ” ဟု ဖြေခဲ့ရသည်။ အဘ က အဲ့လိုမေးမှ (ထိုစဉ်က) ကိုယ့်ကိုကိုယ် သနားလာသည်။
ကိုယ်ကချိန်လိုက် လင်နောက်လိုက်
————————————–
ဇွဲမရှိလို့လား၊ အဲလိုမဟုတ် ဇွဲရှိလိုက်ပုံများ ၁နှစ်ကျော်ထိ ဇေယျာမန်းကားကို အသွားအပြန် လုပ်ကျွေးဖူးသည်။ တစ်ခါ အိမ်က အခန်းကျဉ်းလေးထဲ အိပ်သာရုံနေရာလေးပဲ ကျန်သည်အထိ ၂နှစ်နီးပါးလောက် နေ့စဉ် ကောင်တာပေါ် မေးထောက် ပိုးပန်းပြီး စာအုပ်တွေ ပျမ်းမျှ တစ်ရက်ချာ တစ်အုပ်လောက် ဝယ်ဖူးသည်။ အပြောအဆိုသာမက အရေးအသားရော ကိုယ့်ကိုကိုယ် မဆိုးလှဟု ထင်သည်။ ထို့ပြင် ရုပ်ရည်ကတော့ အခု လူကြီးမင်းတို့ မြင်သည့် အတိုင်းပါပဲ၊ အရပ်လေးပုတာ အသားညိုတာက လွဲလို့ ဒါလည်း သိပ်မဆိုးလှဟု အမှတ်ပေးရမည်။
ထို့ပြင် ၄နှစ်စလုံး တစ်တန်းတည်း အတူနေပြီး အပြင်မှာ အတူသွား အတူလာ တတွဲတွဲမို့ ရပ်ဆွေရပ်မျိုးများက သူတို့က အိုကေနေတာနေမှာဟု အထင်လွဲခဲ့ကြသော်လည်း ဘာဆို ဘာမှ မဟုတ်ခဲ့အောင် သတ္တိကြောင်ခဲ့ပါသေး၏။ ထို့ကြောင့် အမောင်တက္ကသိုလ်ကျောင်းသားသည် ရည်းစားလည်းမရှိ၊ မိန်ကလေး အပေါင်းအသင်းလည်းမရှိ နှင့် ဘွဲ့ရပြီးနောက် လုပ်ငန်းခွင်ထဲရောက်ပြန်တော့ ဇိုးမောင်မောင် ယောက်ျားဘသားတွေချည်းနှင့်သာ ချွေးတလုံးလုံး နေထိုင်ရသောအခါ အခါမနှောင်းချင်တော့၊ အချိန်မဆွဲ ချင်တော့၊ ရည်းစားလေးတတွဲတွဲနှင့် ရုံတော်ကြီးက အဏ္ဏဝါမှာ ဖွာလူဒါသောက်လိုက်၊ မြို့ဂုဏ်ရောင်မှာ စတောလ်က ဓာတ်ရှင်ကြည့်လိုက်၊ မန္တလေးတောင်ကို ဘိုးဘိုးကြီးစောင်းတန်းက တက်လိုက်နှင့် ရောမန်တိက မလုပ်ချင်တော့။ ထိုစဉ်က အသက်၂၄နှစ်ဆိုသည်မှာ အရွယ်အတော် ဟိုင်းနေပြီဟု ယူဆနေပါ၏။
