ရွှေတူးဖော်မှုကြောင့် ရှမ်းမြောက်မှာ ရေအရင်းအမြစ်နဲ့ လယ်ယာမြေ ထိခိုက်မှု မြင့်တက်

ဇွန် ၂၅၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွှေတူးဖော်မှုတွေ အရှိန်မြင့်လာနေတာကြောင့် လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးလာသလို ရေအရင်းအမြစ်တွေပါ ထိခိုက်လာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ တီးမ ဒေသမှာ ရွှေတူးဖော်မှု အနည်းငယ် လျော့ကျလာပေမယ့် လုပ်ငန်းရှင်အများစုဟာ သိန္နီ၊ မိုင်းငေါ့၊ သီပေါ၊ အီနိုင်း၊ မုံးကိုး၊ မုံးစီး၊ မုံးဟွမ်၊ မိုင်းယ၊ ပန်ဖိတ်၊ ဟူးဖြတ်၊ နမ့်ဖတ်ကာ၊ ခိုမုန်း၊ နမ့်အွမ် စတဲ့ ဒေသတွေဘက်ကို ပြောင်းရွှေ့တူးဖော်လာတာကြောင့် ရှမ်းမြောက်ဒေသအနှံ့ ရွှေတူးဖော်မှုတွေ ကျယ်ပြန့်လာနေတယ်လို့ ဆိုပါတယ်။
“တောင်တွေဆို တောင်မရှိတော့ဘူး။ အကုန်ပြောင်ကုန်ပြီ။ လယ်ကွင်းလို့သာ ပြောတာ၊ နာမည်ပဲကျန်တော့တယ်။ တရုတ်လုပ်ငန်းရှင်တွေ မတူးတဲ့နေရာ မရှိသလောက်ပဲ။ တချို့နေရာတွေက အပြတ်ဝယ်ပြီး တူးကြတယ်။ မရောင်းတဲ့နေရာတွေတောင် ရွှံ့ဗွက်တွေ စီးဝင်လာလို့ လယ်လုပ်လို့ မရတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေတူးဖော်မှုကြောင့် လယ်ယာမြေတွေ ပျက်စီးလာရုံသာမက ချောင်း၊ မြောင်းတွေအတွင်း မြေစာနဲ့ ရွှံ့ဗွက်တွေ စီးဝင်လာတာကြောင့် ရေအရင်းအမြစ်တွေပါ ညစ်ညမ်းလာပြီး သောက်သုံးရေ ရှားပါးလာတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဟန်ကိုင်မှာ မြေစာပုံတွေက လယ်ထဲ ရောက်ကုန်တာ။ ချောင်းမှာ ရွှေကျင်တော့ ရေက သောက်မရတော့ဘူး။ ရေမရှိလို့ အဲဒီကို သွားတုန်းက ကျနော် နွားခြေရာထဲက ရေတောင် ငုံ့သောက်ခဲ့ရတယ်” လို့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။
ဒေသခံအချို့မှာတော့ စီးပွားရေးအခက်အခဲတွေကြောင့် ခြံမြေတွေကို ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေဆီ ရောင်းချခဲ့ရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မိုင်းငေါ့ဒေသမှာ တရုတ်လုပ်ငန်းရှင်တွေဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရွှေတူးဖော်မှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စပါးစိုက်ပျိုးရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် ရေထွက်ဦး လယ်တွေအထက်ပိုင်းမှာ ရွှေတူးဖော်တာတွေကို ရပ်နားထားဖို့ TNLA ဘက်က အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။
ဒေသတွင်းမှာ ရွှေတူးဖော်မှုတွေအပြင် အခြားသတ္တုတူးဖော်မှုတွေနဲ့ မြေရှားသတ္တု ရှာဖွေမှုတွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ကုန်တင်ယာဉ်ကြီးတွေဟာ လမ်းခံနိုင်ရည်ထက် ပိုမိုတင်ဆောင် သယ်ယူနေတာကြောင့် နမ္မတူလမ်း၊ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းနဲ့ မိုင်းဝီးလမ်းတွေ ပျက်စီးမှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရွှေတူးဖော်ရေးလုပ်ငန်းတွေ တိုးလာတာနဲ့အမျှ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ဝင်ရောက်လုပ်ကိုင်မှု ပိုများလာသလို မြို့နဲ့ ကျေးရွာအချို့မှာ KTV၊ ဂိမ်းဆိုင်နဲ့ လောင်းကစားလုပ်ငန်းတွေလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရှမ်းမြောက်ဒေသအတွင်း ရွှေတူးဖော်မှုတွေ ဆက်လက်တိုးလာနေတာကြောင့် လယ်ယာမြေဆုံးရှုံးမှု၊ ရေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပိုမိုထိခိုက်လာမှာကို စိုးရိမ်နေကြကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW