KT
သြစတြေးလျတွင်နေထိုင်သည့် မြန်မာအချို့ က သြဇီ မဘသ ပါတီဟု ခေါ်၀ေါ်ကြသည့် One Nation ပါတီသည် မေလ ၂၀၂၆ ခုနှစ် နယူးဆောက်၀ေးပြည်နယ်ရှိ ဖာရာ မဲဆန္ဒနနယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပြိုင်ဘက်ပါတီများ နှစ် ၇၀ ကျော် စိုးမိုးမှုကို ရပ်တန့်ခဲ့ပါသည်။
နိုင်ငံခြားသား ရွှေ့ပြောင်းလာသူဦးရေကို ကန့်သတ်လျော့ချရေး၊ ဂျူး-ခရစ်ယာန် တန်ဖိုးများ ကာကွယ်ရေးနှင့် သြစတြေလျ အမျိုးသားရေး၀ါဒကို ဦးစားပေးသည့် One Nation ပါတီသည် ယခင်က မထင်မရှား ပါတီလေးတစ်ခု သာရှိခဲ့ပြီး၊ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် တဟုန်ထိုးလူကြိုက်များလာကာ နောက်လာမည့် ဖက်ဒရယ် ရွေးကောက်ပွဲတွင် အာဏာရ လေဘာပါတီကို တိုက်ရိုက်ချိန်းခြောက်နိုင်စွမ်းရှိလာပြီး၊ အစိုးရဖွဲ့ရန် အိမ်မက်မက်ခွင့်ရရှိလာခဲ့ပါသည်။
ဇွန်လအစောပိုင်းက ပြုလုပ်ခဲ့သည့် စစ်တမ်းများတွင် One Nation ပါတီက အစဥ်အလာကြီးမာသည့် ပါတီကြီးများဖြစ်သည့် လောဘာပါတီ (ALP) နှင့် ညွန့်ပေါင်းပါတီ (Liberal/National) များကို ကျော်လွန်ပြီး သြစတြေးလျတွင် လူကြိုက်အများဆုံးပါတီဖြစ်လာသည်။
One Nation ပါတီခေါင်းဆောင် ပေါ်လင်းဟန်ဆန် (Pic: Pauline Hanson’s One Nation Party Facebook page)
အမျိုးသားရေးမူ၀ါဒများကို ဦးစားပေးသည့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးနောက်ပိုင်းတွင် စီးပွါးရေးဖွံ့ဖြိုးပြီး ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ကျင့်သုံးနေသည့် ဥရောပ၊ သြစတြေးလျနှင့် ဂျပန် နိုင်ငံတို့တွင် မဘသ ပါတီများ လူကြိုက်များ ထောက်ခံမှုပိုမိုရရှိလာခဲ့ပါတယ်။
သြစတြေးလျကဲ့သို့ပင် ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်သည့် ဂျာမနီ နိုင်ငံတွင်လည်း အမျိုးသားရေးပါတီ Alternative for Germany (AfD) ပါတီသည် ဂျာမနီနိုင်ငံရေးကို ဆယ်စုနှစ်ပေါင်းများစွား လွှမ်းမိုးထားသည့် Christian Democratic Union / Christian Social Union နှင့် Social Democratic Party of Germany (SDP) ကိုကျော်လွန်ပြီး လူကြိုက်များသည့် ပါတီဖြစ်လာသည်။ AfD သည် ၂၀၂၁ ရွှေးကောက်ပွဲတွင် အမှတ်နေရာ ၈၃ နေရာသာရခဲ့ရာမှ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၅၂ နေရာရခဲ့ပြီး ဂျာမနီ၏ ဒုတိယ အင်အားအကြီးဆုံးပါတီဖြစ်လာ သည်။
၂၀၂၁ ရွေးကောက်ပွဲတွင် AfD ပါတီ သည် လွှတ်တော်တွင် အမတ်နေရာ ၈၃ နေရာ ရခဲ့သည်(Pic:Politic and Bundeswahlleiterin)
၂၀၂၅ ရွေးကောက်ပွဲတွင် AfD ပါတီ သည် လွှတ်တော်တွင် အမတ်နေရာ ၁၅၂ နေရာရခဲ့သည်(Pic:Politic and Bundeswahlleiterin)
အင်္ဂလန်နိုင်ငံတွင်လည်း အမျိုးသားရေးပါတီဖြစ်သည့် Reform UK ပါတီသည် မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဒေသန္တရ ကောင်စီရွေးကောက်ပွဲများတွင် အောင်မြင်မှုရရှိလာခဲ့သည်။ လွန်ခဲ့သည့် ခုနှစ်နှစ်ကျော်မှ ထူထောင်ခဲ့သည့် Reform UK ပါတီသည် လူထုစစ်တမ်းများကောက်ယူသည့် ကုမ္ပဏီဖြစ်သည့် YouGov ၏ ဇွန်လ ၂၀၂၆ စစ်တမ်းများအရ အင်္ဂလန်တွင် တဟုန်ထိုး လူကြိုက်များသည့် ပါတီ ဖြစ်လာသည်။
ပုံမှန်အားဖြင့် နိုင်ငံရေးမုန်တိုင်း မပြင်းထန်သည့် ဂျပန်နိုင်ငံတွင်လည်း အမျိုးသားရေးပါတီ တစ်ခုဖြစ်သည့် ဆန်ဆေးတိုပါတီ (Sanseitō) သည် ဂျပန်လူထူအကြားလူကြိုက်များသည့် ပါတီတစ်ခုဖြစ်လာနေသည်။ ၂၀၂၀ ခုနှစ်တွင်မှ ထူထောင်ခဲ့သည် ဆန်ဆေးတို ပါတီသည် တခြား အမျိုးသားရေးပါတီများကဲ့သို့ ဂျပန် ပထမ မူ၀ါနှင့် နိုင်ငံခြားသား ကန့်သတ်ရေး မူ၀ါဒများကို ကိုင်ဆွဲပြီး အောင်မြင်မှုရရှိလာသည့် ဂျပန် အမျိုးသားရေးပါတီတစ်ခုဖြစ်သည်။
ဆန်ဆေးတိုပါတီ ၏ ဆိုရှယ်မီဒီယာ X
လူကြိုက်များလာသည့် အမျိုးသားရေးပါတီ အများစုသည် လက်ရှိအချိန်တွင် အတိုက်အခံ ပါတီများအဖြစ်သာရှိနေသေးပြီး အကယ်၍ လာမည့်ရွေးကောက်ပွဲများတွင် အနိုင်ရရှိလာပါက အစိုးရအဖွဲ့များ ဖွဲ့စည်းလာနိုင်ပြီး ၎င်းတို့ကြိုက်သည့် အမျိုးသားရေးမူ၀ါဒများဖြစ်သည့် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်း၊ ဒုက္ခသည်များလက်ခံခြင်းကို ရပ်တန့်ခြင်း (သို့) လျှော့ချခြင်း နှင့် အဆိုပါနိုင်ငံများတွင် ရှိနေသည့် ဒုက္ခသည်များ နှင့် တရားမ၀င် နေထိုင်သူများကို ပြန်ပို့ခြင်း၊ နိုင်ငံတကာ အကူညီ အထောက် အပံ့များကိုလျော့ချခြင်း စသည့် မူ၀ါဒများကို အကောင်ထည်ဖေါ်လာနိုင်မည်ဖြစ်သည်။
ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကဏ္ဍတွင်လည်း တခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုကို လျော့ချရေးနှင့် နိုင်ငံခြားရေးမူ၀ါဒတွင်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကဏ္ဍ ဦးစားပေးသည့် လစ်ဘရယ်မူ၀ါဒများကို ပယ်ဖျက်လာနိုင်ပါသည်။ ဥပမာအားဖြင့် လက်ရှိ အမရိကန်သမ္မတ ဒေါ်နယ်လ်ထရန့် လက်ထက်တွင် တခြားနိုင်ငံများ၏ ရွေးကောက်ပွဲများကို အမေရိကန် သံတမန်များအနေဖြင့် မှတ်ချက်ပေးခြင်း ထင်မြင်ချက်ပေးခြင်းများ မပြုလုပ်ရန် အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန က ဇူလိုင်လ ၂၀၂၅ ခုနှစ်တွင် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတကာဖွံ့ဖြိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ လှူဒါန်းနေသည့် USAID ကို သမ္မတ ထရန့် ၏ ဒုတိယ သမ္မတသက်တမ်းအစမှာတင် အပြီးဖျက်သိမ်းခဲ့သည်။
မြန်မာနိုင်ငံသည် တခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် နိုင်ငံတကာအကူညီများကို တိုက်ရိုက် (သို့) သွယ်၀ိုက်သောအားဖြင့်မှီခိုနေရသောနိုင်ငံဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲအကျိုးဆက်ကြောင့် ဖွံ့ဖြိုးတိုးတက်ရေး အကူညီများ သိသိသာသာလျှော့နည်းလာနိုင်ခြင်းကြောင့် အနာဂတ် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ များအပေါ်တွင် ရိုက်ခိုက်မှုကို ပြင်ဆင်ထားရန်လိုအပ်ပေသည်။
KT
