ဇူလိုင် ၇ – ၂၀၂၆
SN (VOM)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာမှာ မနေ့ ဇူလိုင် ၆ ရက်၊ မနက်ပိုင်းက အမျိုးသမီးအလောင်း တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီ ရုပ်အလောင်းကို ပုလဲအိမ်ရာဝန်းအတွင်းရှိ အမှိုက်ပုံအနီးက သစ်ပင်ခြုံနွယ်တွေထဲမှာ ပလုံကောက်တဲ့ ကလေးတယောက်က မနေ့ မနက် ၈ နာရီဝန်းကျင်မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သတင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒါနဲ့ ရယကပိုင်းက ကျွန်တော်တို့ဆီကို လှမ်းချိတ်တယ်။ သွားကြည့်တော့ အသက် ၃၀ ဝန်းကျင်ခန့် အမျိုးသမီးက လည်ပင်းမှာ ကြိုးတချောင်းပတ်တဲ့ အနေအထားနဲ့ သေဆုံးနေတာကိုတွေ့ရှိတယ်။ သေဆုံးသူက အသားလည်းဖြူတယ်။ သူ့ရဲ့ လက်၊ ကျောကုန်းနဲ့ ဂုတ်မှာ တက်တူးထိုးထားတာလေးတွေ တွေ့ရတယ်။ မနေ့က အလောင်းတွေ့တွေ့ချင်း ပို့စ်မတင်ဘူးဆိုတာက တရားခံကို ရဲကလိုက်နေတာဆိုတော့ ကွင်းစပြတ်မှာစိုးလို့ မတင်တာ။ ဒီနေ့ကျတော့ ဒီမိန်းကလေးက ဘယ်ကလဲ၊ ဘယ်သူ့သားသမီးလဲ၊ ဘယ်သူ့အမျိုးလဲ ဆိုတာကို သိရှိအောင် တင်ထားပေးတာ ဖြစ်ပါတယ်” လို့ ပုလဲအရန်မီးသတ်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံကြီးမှာ အပ်နှံထားပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် မင်္ဂလာဒုံရဲစခန်းနဲ့ မင်္ဂလာဒုံခရိုင် ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။
“အလောင်းက သေဆုံးနေတာတော့ မကြာသေးဘူး။ ကျွန်တော်တို့တွေ့တဲ့အချိန်မှာ ပုပ်တဲ့အနေအထား မရှိသေးဘူး။ မနေ့က တွေ့တယ်ဆိုတော့ တနေ့က ညပိုင်းလောက်မှာ လာပစ်ထားတဲ့ ပုံစံမျိုးပေါ့။ ပစ်တယ်လို့လည်း ယူဆတယ်။ မျက်နှာလည်း နည်းနည်းလေး ညိုမည်းစွဲတဲ့ ဒဏ်ရာလေးတွေ တွေ့တယ်။ လည်ပင်းမှာ ဘောင်းဘီကြိုး ပုံစံမျိုးနဲ့ ခြည်နှောင်ထားတဲ့ ပုံစံမျိုးတွေ့တယ်။ ကြိုးအရှည်နဲ့ပါ။ ဒီပြင် ထိုးသွင်းဒဏ်ရာတွေတော့ မတွေ့ဘူး” လို့ သူက ပြောပါတယ်။
ရုပ်အလောင်းရဲ့ လက်ဖျံမှာ ဆေးခြောက်ရွက်ပုံစံ တက်တူးတခု ပါရှိသလို ကျောကုန်းနဲ့ ဂုတ်မှာလည်း ဇာမဏီငှက်ရုပ်နဲ့ Dream Catcher အဆောင်ပုံစံ တက်တူးတွေ ပါရှိတာလွဲလို့ ဘယ်သူမှန်း မသိရသေးပါဘူး။
အခုရက်ပိုင်းအတွင်း အလားတူ ဖြစ်စဉ်မျိုးတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီး (တောင်ဘက်ခြမ်း)၊ ရေစပ်နားမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို အစိမ်းရောင် ကောဇောနဲ့ပတ်ကာ ပီနံအိတ်ထဲထည့်ပြီး လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ်၊ အမည်မသိ အမျိုးသားတယောက်ဖြစ်ကာ မျက်နှာမှာ ပေါက်ပြဲဖူးရောင် ညိုမဲဒဏ်ရာတွေ၊ ရင်ဘက်နဲ့ နောက်ကျောမှာ ညိုမဲဒဏ်ရာတွေကို တွေ့ရှိရတယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေ အမှတ် (၁၀) ရဲစခန်းမှာ အမှုဖွင့်ထားကာ လိုအပ်တဲ့ စုံစမ်းမှုတွေကို ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီ ဇူလိုင် ၃ ရက်နေ့မှာပဲ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းရွာမှာ နေထိုင်တဲ့ KG ကျောင်းသူ အသတ်ခံရမှု ဖြစ်ပွားခဲ့ပြီး ရွာရဲ့ ကံမြင့်လမ်းအနီးမှာ စောင်နဲ့ပတ်ထားတဲ့ အလောင်းကို ပြန်လည် တွေ့ရှိခဲ့တာဖြစ်ကာ စစ်ဆေးချက်အရ ကလေးငယ်ရဲ့ ရုပ်အလောင်းမှာ ရင်ဘတ် အညိုမဲစွဲဒဏ်ရာတွေ တွေ့ရပြီး နားကပ်ကို ဆွဲဖြုတ်ယူထားတဲ့အတွက် နားရွတ် ပြတ်လုနီးပါးဒဏ်ရာအပြင် အဓမ္မ ပြုကျင့်ခံထားရတာကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
KG ကျောင်းသူ အသတ်ခံရမှုမှ ကျူးလွန်သူကိုတော့ ပဲခူးတိုင်း (အနောက်ခြမ်း)၊ နတ်တလင်းမြို့နယ်မှာ မနေ့ ဇူလိုင် ၆ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ဖမ်းဆီးရမိခဲ့ပြီး လက်ရှိမှာ နတ်တလင်းမြို့မ ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ကျူးလွန်သူဟာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင် ဆိုသူဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ ၎င်းကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ – ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပုလဲအရန်မီးသတ်
