တနှစ် တကြိမ်ပဲ ဆုံတွေ့ခွင့်ရတဲ့ အိုးပုတ်ပွဲတော်

မန္တ​လေး -သြဂုတ် ၂၁-၂၀၂၆
​KKA (VOM)
​မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ တနှစ်မှာ တကြိမ်ပဲ ကျင်းပလေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို ဒီနေ့ ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်နေပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တယ်ဆိုပေမယ့် ပွဲတော်မစခင် ၁၉ ရက်နေ့ကတည်းက လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။
​ဒီအိုးပုတ်ပွဲတော်ကို မြန်မာရက်နဲ့ သတ်မှတ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အရင်က ပွဲတော်ဟာ ညနေပိုင်းမှာပဲ စည်ကားခဲ့ပြီး အခုအခါမှာတော့ မနက်ပိုင်းကတည်းက စည်ကားနေတာပဲ ဖြစ်ပါတယ်။
​”အိုးပုတ်တွေက လှတယ်။ တစုတစည်း တွေ့ရတော့ ပျော်ပါတယ်။ ကျင်းပတဲ့ နှစ်တိုင်း လာဖြစ်ပါတယ်။ အရင်နှစ်တွေထက် ပိုစည်တယ်လို့ ခံစားရတယ်” လို့ လာရောက်လည်ပတ်နေတဲ့ မန္တလေးမြို့ခံ ကိုညီညီလွင်က VOM ကို ပြောပါတယ်။
​နောက်ထပ် မြို့ခံတဦးဖြစ်တဲ့ ဒေါ်ဌေးဌေးကလည်း “တနှစ်မှာ တရက်ပဲ ကျင်းပတဲ့ပွဲမို့ လာကြပါလို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။
​ဒီအိုးပုတ်ပွဲတော်ကို အသက် ၁၈ နှစ်ကတည်းက ခုအသက် ၆၀ ကျော်အထိ အိုးပုတ်ရောင်းချနေတဲ့ ဒေါ်ဖြူဖြူကလည်း “ဟိုတုန်းကနဲ့ အခုက ကွာတာပေါ့။ အရင်က အိုးပုတ် ၁၀ လုံးကို တထောင်နဲ့ ရောင်းရတယ်။ အခုက တလုံး ၅၀၀ နဲ့ ရောင်းနေရတယ်။ ကားခတွေကလည်း ဈေးကြီး၊ ဆိုင်ခန်းခတွေကလည်း ဈေးကြီးလာတယ်” လို့ ပြောပါတယ်။
​အခုနှစ် ကျင်းပတဲ့ အိုးပုတ်ပွဲတော်မှာ ရောင်းချတဲ့ ဆိုင်ခန်းတခန်းကို နေရာ အကျဉ်း/အကျယ်ပေါ် မူတည်ပြီး တသိန်းကနေ သုံးသိန်းအထိ ပေးနေရတဲ့အတွက် ဈေးသည်အများစု အဆင်မပြေကြဘူးလို့ အိုးပုတ်ရောင်းချနေသူတစ်ဦးက VOM ကို ပြောပါတယ်။
​အရင်က ဆိုင်ခန်းတခန်းကို သောင်းဂဏန်းသာ ပေးခဲ့ရပြီး အခုက ကန်ထရိုက်ပေးလိုက်တဲ့အတွက် ဆိုင်ခန်းခတွေ ဈေးကြီးနေတာလည်း ဖြစ်ပါတယ်။

Related posts

VOM News

FREE
VIEW